မက်ဆီကို ကြီးကြပ်ရန် အလွန်ခက်ခဲကြောင်း ဘာစီလိုနာနည်းပြဟောင်းဆီတိန်း ဖွင့်ဟ

ဘာစီလိုနာနည်းပြကွီကွီဆီတိန်းက လီယွန်နယ်မက်ဆီ၏ အလွန်ကြီးမားသည့် ဂုဏ်ရှိန်သတင်းကြောင့် နည်းပြအနေဖြင့် ဝေဖန်ထောက်ပြမှု ပြုလုပ်ရန် အလွန်ခက်ခဲကြောင်း ပြောကြားလိုက်သည်။ ဆီတိန်းသည် ဇန်နဝါရီလတုန်းက ဗယ်ဗာဒီ၏ နေရာတွင် အစားထိုးခန့် အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ သို့ရာတွင် သူသည် ဘာစီလိုနာကို ၆ လကျော်မျှသာ ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး ဩဂုတ်လ၌ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ဘာစီလိုနာသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဖလားလက်မဲ့ရာသီနှင့် ကြုံရပြီးနောက် ဆီတိန်းကို ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၉-၂၀ ရာသီအပြီးတွင် မက်ဆီသည် ဘာစီလိုနာမှ ထွက်ခွာခွင့် တောင်းခဲ့သည်။ သို့ရာတွင် မက်ဆီသည် ဘာစီလိုနာနှင့် တရားရုံးတွင် ရင်ဆိုင်ရမည့် အခြေအနေကြောင့် ထွက်ခွာခွင့် တောင်းဆိုမှုအား ရုတ်သိမ်းကာ ဆက်ကစားခဲ့သည်။

ရီးရဲလ်မက်ဒရစ်နှင့်စပိန်နည်းပြဟောင်းဒယ်ဘော့စကေးနှင့် ပြုလုပ်တဲ့ အင်တာဗျူးတွင် ဆီတိန်းက “မက်ဆီက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ အခြားကြီးကျယ်တဲ့ကစားသမားတွေလည်း ရှိကြပါသေးတယ်။ ဒါပေမယ့် ဒီကောင်လေးလို နှစ်စဉ်နှစ်တိုင်း ဆက်တိုက် အကောင်းဆုံးပုံစံနဲ့ ကစားနိုင်တာမျိုး ဘယ်သူမှ မလုပ်နိုင်ပါဘူး။ လီယိုကို စီမံခန့်ခွဲရတာ ခက်ခဲပါတယ်။ ကျွန်တော်က ဘာများ သူ့ကို ပြောင်းလဲလို့ ရနိုင်မှာလဲ။ သူတို့ကိုယ်တိုင်က နှစ်ပေါင်းများစွာ သူ့ကို လက်ခံလာတော့ သူ့ကို ပြောင်းလဲလို့ မရတော့ပါဘူး။ သူ့ကို စီမံရတာ ခက်ခဲတဲ့ အခြား ရှု့ထောင့်တစ်ခုလည်း ရှိသေးတယ်။ အဲဒါက ပိုပြီးတော့ ခက်ခဲပါသေးတယ်။ အားကစားသမားတွေမှာ မြင်တွေ့ရတဲ့ မွေးရာပါအရာမျိုးတွေပါ။ ဒါကို မိုက်ကယ်ဂျော်ဒန်ရဲ့မှတ်တမ်းရုပ်ရှင် (The Last Dance) မှာလည်း တွေ့မြင်နိုင်ပါတယ်။ မထင်မှတ်တာတွေ မြင်ရပါတယ်။ သူ(မက်ဆီ)အများကြီး ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် သူက သူလိုချင်တာဘဲလုပ်တယ်။ စကားလည်း အများကြီး မပြောဘူး”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment