မက်ဆီကိုရောင်းရေး၊ ပြောင်းရွှေ့ကြေးတို့နှင့်ပတ်သက်ပြီး ဘာစီလိုနာဘုတ်အဖွဲ့ နှစ်ခြမ်းကွဲ

ဘာစီလိုနာဘုတ်အဖွဲ့အတွင်းတွင် မက်ဆီကို ရောင်း/မရောင်း၊ စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ တောင်း/မတောင်းတို့နှင့်ပတ်သက်ပြီး နှစ်ဖွဲ့ကွဲနေကြောင်း သိရသည်။

ဘာစီလိုနာဘုတ်အဖွဲ့သည် ယခုအပတ်အတွင်းတွင် မက်ဆီ၏အပြောင်းအရွှေ့နှင့် ပတ်သက်၍ မက်ဆီ၏ဖခင်နှင့်အေးဂျင့်ဖြစ်သူ ဂျော့နှင့်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး ယင်းမတိုင်မီ ဘုတ်အဖွဲ့အတွင်း ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ သဘောထားကွဲလွဲမှု ဖြစ်နေခြင်းလည်း ဖြစ်သည်။

မက်ဆီ၏ဖခင်နှင့်အေးဂျင့်ဖြစ်သူ ဂျော့သည် သားဖြစ်သူ ဘာစီလိုနာမှ ထွက်ခွာနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ဘာစီလိုနာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဘာစီလိုနာသည် မက်ဆီ၏စာချုပ်အတွင်းတွင် ၎င်းကို ခေါ်ယူလိုပါက ယူရို သန်း ၇၀၀ ပေးရမည့်အချက်ကို ထည့်သွင်းထားသော်လည်း ဘာစီလိုနာဘုတ်အဖွဲ့ဝင် အချို့တို့က ယင်းထက် နိမ့်သည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှု ရရှိလာပါကလည်း လက်ခံသင့်ကြောင်း ယုံကြည်နေသည်။ ၎င်းတို့က မက်ဆီအပြောင်း အရွှေ့အတွက် ယူရိုသန်း ၇၀၀ တောင်းဆိုမှုကြောင့် ဝယ်ယူမည့် ကလပ်မရှိပါက လာမည့် ၂၀၂၁ ခုနှစ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ဆုံးရှုံးရမည်ကို ဝေဖန်ထောက်ပြလျက် ရှိကြသည်။

ထို့အပြင် ဘာစီလိုနာသည် မက်ဆီ၏ တစ်နှစ်ကျန်ကာလအတွင်းတွင် လုပ်ခစရိတ် ဝန်ထုပ်ဝန်ပိုးကိုလည်း ထမ်းထားရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်အချို့တို့က ၎င်းတို့အနေဖြင့် ယခုနွေရာသီတွင် မက်ဆီကို ယူရိုသန်း ၇၀၀ မရရှိပါကလည်း ရောင်းချမှုကြောင့် လက်ရှိအသင်းအတွက် များစွာ အကျိုးရှိလာမည်ဟု ယုံကြည်နေသည်။

စပိန်မီဒီယာအချို့တို့ကလည်း ဘာစီလိုနာသည် မက်ဆီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ မျှဖြင့် လက်လွှတ်နိုင်သည်ဟု ရေးသားကြသည်။

Facebook Comments Box
Facebook Comment