မက်ဆီကိုခေါ်ဖို့ ပီအက်စ်ဂျီကို နေမာတိုက်တွန်း

ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာသည် ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကိုခေါ်ယူရန် သူ၏အသင်းအား တိုက်တွန်းလိုက်သည်။

အသက် ၂၈ နှစ်အရွယ် နေမာသည် ၂၀၁၇ တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ပီအက်စ်ဂျီသို့မပြောင်းမီ ဘာစီလိုနာတွင် မက်ဆီနှင့်အတူ ၄ နှစ်ကြာ အတူတွဲကစားဖူးသည်။

မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ(MSN)တိုက်စစ်အတွဲသည် ကျော်ကြားပြီး ၂၀၁၅ ခုနှစ်က ဖလား ၃ လုံးရယူနိုင်သည်အထိ အောင်မြင်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် တစ်ဘဝလုံးမြှုပ်နှံလာသည့် ဘာစီလိုနာအသင်းကိုစွန့်ခွာရန်စီစဉ်နေပြီး မန်စီးတီး၊ မန်ယူ၊ အင်တာမီလန်၊ မေဂျာလိဂ်ကလပ်များက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

နေမာသည် မက်ဆီနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ယခုတစ်ပတ် အစောပိုင်းအတွင်း စကား ပြောဖြစ်ခဲ့သည်ဟုလည်း မီဒီယာများက ဖော်ပြသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သော ပီအက်စ်ဂျီသည် မက်ဆီ၏လစာကို ပေးချေနိုင်သည့် အသင်းအနည်းငယ်အနက် တစ်သင်းဖြစ်ပြီး နေမာ၊ အမ်ဘာပီ၊ မက်ဆီတိုက်စစ်အတွဲသာ အတည်ဖြစ်လာပါက ဘောလုံးလောက၏ ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲဖြစ်လာမည်ဟု ပြင်သစ်မီဒီယာများက ရေးသည်။

ပီအက်စ်ဂျီအနေဖြင့် မက်ဆီကိုခေါ်ယူနိုင်ရေးအတွက် ၎င်း၏ဆရာဟောင်း ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref:SkySports

Facebook Comments Box
Facebook Comment