မက်ဂွိုင်းယား၏ ကစားသမားဘဝအတွက် စိုးရိမ်ခဲ့ရကြောင်း ဆောက်ဂိတ်ဖွင့်ဟ

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က ဂရိတွင် အဖမ်းခံရသည့် ဖြစ်ရပ်ဖြစ်ပျက်ပြီးနောက် ဒိန်းမတ်နှင့် နေးရှင်းလိဂ်ပွဲတွင် အနီကတ်ပြထုတ်ခံရချိန်တွင် မက်ဂွိုင်းယား၏ ကစားသမား ဘဝအတွက် အလွန်စိုးရိမ်ခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်သည်။

မက်ဂွိုင်းယားသည် ပြီးခဲ့သည့်လတုန်းက ဝင်ဘာလေကွင်း၌ ဒိန်းမတ်နှင့် ကစားသည့်ပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယင်းကာလအတွင်းတွင် အင်္ဂလန်နောက်ခံလူသည် ယူနိုက်တက်နှင့်အတူ ကစားစဉ် ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်မှုများ ဆက်တိုက် ခံနေခဲ့ရသူ လည်း ဖြစ်သည်။

အသက် ၂၇ နှစ်ရှိ လက်စတာနောက်ခံလူဟောင်းသည် ဩဂုတ်လတုန်းက ဂရိအပန်းဖြေခရီးစဉ်အတွင်း ရဲများကို အနာတရဖြစ်အောင် ထိုးကြိတ်မှု၊ လာဘ်ပေးမှုတို့ဖြင့် ဖမ်ဆီးခြင်းခံခဲ့ရကာ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။

သို့ရာတွင် မက်ဂွိုင်းယားသည် နယူးကာဆယ်အား ၄-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ယူနိုက်တက်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို အိုင်ယာလန်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့သည်။

ဆောက်ဂိတ်က “ဟယ်ရီနဲ့ပတ်သက်ပြီး အရမ်းဝမ်သာကျေနပ်ရပါတယ်။ အဲဒီအနီကတ်ကြောင့် သူ့အခြေအနေအောက်ဆုံးအဆင့်သို့အထိ ရောက်သွားနိုင်ခဲ့ပါတယ်။ ကွင်းထဲကနေ (ဒိန်းမတ်ပွဲ) ထွက်ခွာလာချိန်မှာ သူ့မျက်နှာကြည့်လိုက်ရင်သိနိုင်ပါတယ်။ တလောကလုံး သူနဲ့ ဆန့်ကျင်နေ တယ်လို့ ခံစားနေရတဲ့ပုံပေါက်နေပါတယ်။ အိုင်ယာလန်နဲ့ပွဲက သူအတွက် အရမ်းအရေးပါပါတယ်။ အသင်းကိုလည်း အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရခဲ့တဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ကာလပါပဲ။ ဂိုးလည်း တစ်ဂိုးရခဲ့တာတော့ အရမ်းကောင်းပါတယ်”ဟု ပြောကြားသွားသည်။

အင်္ဂလန်သည် လာမည့် နေးရှင်းလိဂ်ပွဲစဉ်များအဖြစ် တနင်္ဂနွေနေ့တွင် ဘယ်လ်ဂျီယံ (အဝေး)၊ ဗုဒ္ဓဟူးနေ့တွင် အိုက်စလန် (အိမ်ကွင်း)ပွဲတို့ ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment