မက်ဂျီလန်းနှင့် ပွဲတွင် ဖာဘင်ဟို ဒဏ်ရာရရှိသွား၍ ဆိုးရွားသည့် ခံစစ်ပြဿနာ ကြုံလာရပြီဖြစ်သည့် လီဗာပူး

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က အင်္ဂါနေ့တုန်းက မက်ဂျီလန်အား အနိုင်ရရှိသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖာဘင်ဟိုမှာ အချိန်ကာလတစ်ခု အနားယူရတော့မည် ဖြစ်၍ လီဗာပူးမှာ ခက်ခဲသည့် ကာလတစ်ခုကို ကျော်ဖြတ်ရတော့မှာ ဖြစ်ကြောင်း ဝန်ခံ ပြောကြားသွားသည်။ ဘရာဇီးကွင်း လယ်ကစားသမားသည် ပွဲချိန် ၂၈ မိနစ်တွင် ဒဏ်ရာရရှိကာ ရေးဝီလီယမ်နှင့် လူစားလဲခဲ့ရသည်။

လီဗာပူးသည် မက်ဂျီလန်ကို ဒုတိယပိုင်းတွင် ဂျိုတာနှင့် ဆာလက်တို့ သွင်းယူသည့် ဂိုးများဖြင့် အနိုင်ရရှိခဲ့သော်လည်း ဖာဘင်ဟို ဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာဆိုးရွားစွာ ကြုံလာပြီ ဖြစ်သည်။

ဖာဘင်ဟိုသည် အဓိကဗဟိုနောက်ခံလူ ဗန်ဒိုက် ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်းတွင် ဗဟိုခံစစ်တွင် ဝင်ကစားနေရသူ ဖြစ်သည်။

ကလော့ပ်က “ဘယ်လောက် နားရမလဲ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် အခုက တစ်ပတ်ကို သုံးပွဲကစားနေရတာပါ။ ၁၀ ရက် လေးပွဲကစားရပါမယ်။ ၁၄ ရက်မှာ ၇ ပွဲကစားရပါတယ်။ ဒီတော့ ဒါက သိပ်ကောင်းတဲ့အခြေအနေမဟုတ်ဘူး”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် ကလော့ပ်က ခံစစ်ပြဿနာကြောင့် လီဗာပူးမှာ ခက်ခဲသည့် ကာလတစ်ခုကို ဖြတ်သန်းရတော့မှာ ဖြစ်ကြောင်း ဝန်ခံသွားသည်။

ကလော့ပ်က “အိမ်ထောင်ကျသလိုဘဲ။ ပျော်စရာကာလရှိသလို ဆိုးရွားတဲ့ ကာလလည်း ရှိပါတယ်။ အခုအချိန်က ဆိုးရွားတဲ့အချိန်မဟုတ်ပေမယ့် ခက်ခဲတဲ့ကာလတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်သွားကြပါမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment