ဘွန်ဒက်စ်လီဂါ ရာသီသစ် အစအား ပရိသတ်မပါဘဲ ဆက်လက် ကစားရမည်

၂၀၂၀-၂၁ ဘွန်ဒက်စ်လီဂါရာသီအား အောက်တိုဘာလအကုန်အထိ ပရိသတ်မပါဘဲ ဆက်လက် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀-၂၁ ဂျာမန်ဘောလုံးရာသီအား စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဂျာမန်ပိုကယ်ဖလားပထမအဆင့်ဖြင့် စတင်မှာဖြစ်ပြီး လာမည့် သီတင်းပတ်တွင် ၂၀၂၀-၂၁ ဘွန်ဒက်စ်လီဂါရာသီသစ်အား စတင်မည်ဖြစ်သည်။

ဂျာမန်ပရော်ဖက်ရှင်နယ်လိဂ်ကလပ်များသည် လာမည့် ရာသီသစ်တွင် ပရိသတ်ဝင်ဆန့် ပမာဏအား လျှော့ချပြီး ကွင်းပြန်ဖွင့်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူး စက်နိုင်မှုအခြေအနေမှာ စိုးရိမ်ပူပန်နေရဆဲ ဖြစ်၍ ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ လာရောက်ကြည့်နိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ဂျာမနီအဓိပဓိအန်ဂျီလာမာကယ်နှင့်ဂျာမနီပြည်နယ်ဝန်ကြီးချုပ်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အောက်တိုဘာလလအကုန်အထိ ဘောလုံးပွဲများသို့ ပရိသတ် ဝင်ရောက် ကြည့်ခွင့်ပေးမှုအား ဆက်လက် ပိတ်ပင်သွားရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့သည် အောက်တိုဘာလ နောက်ပိုင်းတွင်းမှ ပရိသတ်အကန့်အသတ်ဖြင့် ကွင်းသို့ ဝင်ရောက်ကြည့်ခွင့်ပေးရေးကို စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်သည်။

ဘာဗာရီယာဝန်ကြီးချုပ်မားကပ်စ်ဆိုဒါက ကိုရိုနာဗိုင်းရပ်စ်မှာ ကူးစက်နေဆဲဖြစ်သောကြောင့် စက်တင်ဘာလအတွင်းတွင် ဘောလုံးပွဲများကို ပရိသတ် လာရောက်ကြည့်ခွင့်ပေးရေးမှာ လုံးဝ မဖြစ်နိုင်ကြောင်းနှင့် အကယ်၍ ခွင့်ပြုလိုက်ပါက ကူးစက်သူပမာဏမှာ အလွန်မြင့်မားလာရန် သေချာနေကြောင်း ပြောကြားသွားသည်။

ဘွန်ဒက်စ်လီဂါရာသီသစ်အစပိုင်းကို ပရိသတ်များ ဝင်ရောက်ကြည့်ခွင့်ရတော့မှာ မဟုတ်သော် လည်း ယူအီးအက်ဖ်အေသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပရိသတ် ၆၇၀၀၀ ဆန့် ပွတ်ရှကပ်ကွင်းတွင် ဘိုင်ယန်မြူးနစ်နှင့်ဆီဗီလာတို့ ရင်ဆိုင်ကစားကြမည့် ဥရောပစူပါဖလားပွဲစဉ်အား ပရိသတ် ၃၀ ရာခိုင်နှုန်းအား ဝင်ရောက်ကြည့်ခွင့်ပေးကာ ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ခွင့်ပေးရေးအတွက် စတင် စမ်းသပ်မှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း ကြေညာထားသည်။

Ref: Goal

Facebook Comments Box
Facebook Comment