ဘွန်ဒက်စ်လီဂါအဖွင့်ပွဲတွင် ဒေါ့မွန် ပရိသတ်များ ကွင်းအတွင်း ဝင်ကြည့်ခွင့်ရရှိ

ဒေါ့မွန်၏မိုချင်ဂလက်ဘတ်နှင့်ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်ကို ပရိသတ် ၁၀၀၀၀ ဝန်းကျင်ခန့် ဝင်ရောက်ကြည့်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဘွန်ဒက်စ်လီဂါကလပ်များသည် ဂျာမန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းကြပ်ထားမှုများကို ဖြေလျှော့မှု ပြုလုပ်လာပြီးနောက် ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့် ရရှိလာခဲ့သည်။

၂၀၁၉-၂၀ ရာသီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လတွင် လိဂ်ပွဲများကို ရပ်ဆိုင်းခဲ့ရပြီး မေလ၌ ပြန်လည်စတင်လာချိန်တွင် ပရိသတ်မပါဘဲ ကစားခဲ့ရသည်။

၂၀၂၀-၂၁ ဘွန်ဒက်စ်လီဂါရာသီသစ်ကို လာမည့် သောကြာနေ့တွင် စတင်မည်ဖြစ်ပြီး ဒေါ့မွန်သည် ကွင်း၏ပရိသတ်ဆန့် ပမာဏ၏ ၂၀ ရာခိုင်နှုန်းအား ဝင်ရောက်ကြည့်ခွင့်ရရှိထားသည်။ သို့တွင် ပရိသတ်များအကြား နီးကပ်စွာ ထိုင်ခြင်း၊ ကွင်းအတွင်း ဘီယာနှင့် အရက်သေစာရောင်းချခြင်းတို့ကို ပိတ်ပင်ထားသည်။ ထို့အပြင် အဝေးကွင်း ပရိသတ်များမှာ ဝင်ရောက်ကြည့်ခွင့် ရမည်မဟုတ်ချေ။ သို့ရာတွင် ကလပ်တည်ရှိရာ မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာပါက ပွဲကို တံခါးပိတ်ကစားစေရမည်ဖြစ်သည်။

ဒေါ့မွန်သည် ဒေသခံအာဏာပိုင်၏ခွင့်ပြုချက်ကြောင့် ယခုကဲ့သို့ လာမည့်ရာသီတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ကြည့်ခွင့် ရရှိခြင်းလည်း ဖြစ်သည်။ လိုက်ဇစ်အသင်းမှာလည်း ရာသီသစ်တွင် ပရိသတ်များ ဝင်ကြည့်ခွင့် ရရှိထားသည်။

Facebook Comments Box
Facebook Comment