ဘွန်ဒက်စ်လီဂါထက် ပရီးမီးယားလိဂ်က ပိုခက်ခဲကြောင်း ဟာဗက်ဇ်ဝန်ခံ

ဘရိုက်တန်အား အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွင် ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ကစားခဲ့သော တောင်ပံကစားသမား ကိုင်ဟာဗက်ဇ်က အင်္ဂလန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲသည် ဘွန်ဒက်စ်လီဂါထက် ပိုမိုခက်ခဲကြောင်း ဝန်ခံပြောကြားလိုက်သည်။

ချဲလ်ဆီး၏ ရာသီအဖွင့်ပွဲတွင် လေဗာကူဆင်မှ ပေါင် ၇၁ သန်းဖြင့် ပြောင်းရွှေ့လာသော အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင် ဟာဗက်ဇ်၏ခြေစွမ်းကို အားလုံးက စောင့်ကြည့်ခဲ့ကြသည်။

ချဲလ်ဆီးနည်းပြ လမ်းပတ်သည် ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းမှ အသုံးပြုခဲ့ပြီး ပုံမှန်ခြေစွမ်းမရခဲ့သောကြောင့် ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် အိုဒွိုင်နှင့် လဲစားလဲခဲ့သည်။

ဟာဗက်ဇ်မှာ ကြံ့ခိုင်မှုရရန် ရုန်းကန်ခဲ့ရသလို အသင်းနှင့် ပူးပေါင်းလေ့ကျင့်ခွင့် သိပ်မရသော ကြောင့် အသင်းသားသစ်များနှင့် ပူးပေါင်းကစားရာတွင်လည်း အားနည်းချက်များ ရှိခဲ့သည်။

ကာယကံရှင်ကိုယ်တိုင်က ရာသီအဖွင့်ပွဲတွင် ရုန်းကန်ရနိုင်သည်ကို ကြိုတင်မျှော်လင့်ထားပြီး လာမည့်ပွဲများတွင်မူ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိမည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ဒီပွဲက အရမ်းခက်တဲ့ပွဲပါ။ အရမ်းကို ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ နားရက်တွေ အများကြီးရပြီးမှ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ရတာ ၅ ရက်၊ ၆ ရက်လောက်ပဲ ရှိပါသေးတယ်။အရေးကြီးတာက အသင်းနိုင်ပွဲရဖို့ဖြစ်ပြီး ကျွန်တော့်ရဲ့အဖွင့်ပွဲမှာ ဒီလိုလုပ်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်” ဟု ဟာဗက်ဇ်က ပြောသည်။

ဆက်လက်၍ ၎င်းက ယခုတစ်ပတ် လီဗာပူးလ်နှင့်ကစားရမည့်ပွဲသည် အလွန်အရေးကြီးပြီး အမှတ်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။

“လီဗာပူးလ်က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဆိုတာ အမှန်ပါပဲ။ သူတို့ကို လေးစားကြောင်း ပြသရမှာဖြစ်ပေမယ့် ကျွန်တော်တို့ကလည်း အရမ်းကောင်းတဲ့အသင်းပါ။ ဒီပွဲက နှစ်သင်းစလုံးအတွက် အရမ်းခက်ခဲမယ့်ပွဲပါ။ ကျွန်တော်တို့ အလုပ်ကြိုးစားရမယ်။ အမှတ်ရမယ်လို့လည်း ထင်ပါတယ်” ဟု ဟာဗက်ဇ်က ပြောသည်။

Ref:eveningstandard

Facebook Comments Box
Facebook Comment