ဘေးလ်မှာ စပါးစ်သို့ ပြောင်းလိုနေပြီး ကလပ်နှစ်ခုအကြား ဆွေးနွေးနေကြောင်း အေးဂျင့် အတည်ပြု

စပါးစ်အသင်းသည် ရီးရဲလ်မက်ဒရစ်မှ ဝေးလ်တိုက်စစ်သမားဂါရတ်ဘေးလ်ကို ခေါ်ယူရေး ဆွေးနွေးမှု များပြုလုပ်နေပြီး ရီးရဲလ်မက်ဒရစ်မှ ဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကိုလည်း ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။

အသက် ၃၁ နှစ်ရှိ ဘေးလ်သည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းခဲ့သူဖြစ်ပြီး ဘာနေဗျူးတွင် ချန်ပီယံလိဂ်ဖလားလေးလုံးအပြင် ဂိုးပေါင်း တစ်ရာ့ကျော်လည်း သွင်းယူထားသူ ဖြစ်သည်။

ဂါရတ်ဘေးလ်၏အေးဂျင့် ဂျိုနသန်ဘားနက်က “ဂါရတ်က စပါးစ်ကိုချစ်တုန်းပါ။ သူကလည်း အဲဒီကို ပြောင်းကစားချင်နေပါတယ်”ဟု ဘီဘီစီသို့ ပြောကြားသွားသည်။

စပါးစ်သို့ ပြောင်းရန် အခြေအနေကောင်းနေသည့် ဘေးလ်နှင့်ရီဂူလွန်တို့ နှစ်ဦးစလုံးတို့သည် မန်ယူ၏ဆက်သွယ်ခြင်းခံခဲ့ရသူများလည်း ဖြစ်သည်။

အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင်ဘယ်နောက်ခံလူရီဂူလွန်သည် ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ရီးရဲလ်မက်ဒရစ် ပထမအသင်းသို့ ထိုးဖောက်နိုင်ခဲ့သူဖြစ်သည်။

မန်ယူသည် ရီဂူလွန်ကို ပေါင် ၂၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားသော်လည်း ရီးရဲလ်မက်ဒရစ်က အရောင်းစာချုပ်အတွင်းတွင် တစ်ရာသီ (သို့မဟုတ်) နှစ်ရာသီအကြာမှာ ပြန်လည်ခေါ်ယူနိုင်မည့် အချက်ကို ထည့်သွင်းချုပ်ဆိုလိုနေမှုကြောင့် ဆွေးနွေးမှုမှာ အထစ်အငေါ့ ဖြစ်နေခဲ့သည်။ ယင်းမှာပင် စပါးစ်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေပြီး မော်ရင်ဟို၏အ သင်းသို့ ရောက်ရန် သေချာနေသလောက် ရှိနေပြီ ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ၂ နှစ်စာချုပ် ကျန်နေသေးသည့် ဂါရတ်ဘေးလ်ကို အပြီးသတ် ရောင်းချလိုနေသော်လည်း အငှားဖြင့် ပြောင်းရွှေ့မှုသာ ဖြစ်လာဖွယ် ရှိနေသည်။

ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်တွင် တစ်ပတ်လုပ်ခပေါင် ၆ သိန်းအထိ ရရှိနေရာ ယင်းမှာ စပါးစ်အတွက် ကြီးမားသည့် အတားအဆီး ဖြစ်နေသည်။ သို့ရာတွင် ရီးရဲလ်မက်ဒရစ်သည် ဂါရတ်ဘေးလ် အပြောင်းအရွှေ့ ဖြစ်မြောက် လာရေးအတွက် လုပ်ခတစ်ဝက်ခန့်ကို စိုက်ထုတ်ပေးနိုင်ကြောင်း သိရသည်။

စပါးစ်သည် တိုက်စစ်ကို အားဖြည့်လိုနေသည့်အပြင် ဂါရတ်ဘေးလ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်တစ်ဦး ဖြစ်လာအောင် မြေတောင် မြှောက်ခဲ့သည့်ကလပ်ဖြစ်ရာ ၎င်းအား ပြန်လည်ခေါ်ယူရေး စိတ်အားထက်သန် နေသည်။

ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်သို့ ရောက်သည့် အစောပိုင်းနှစ်များတွင် အဓိကကစားသမားအဖြစ် ပါဝင်ကာ ဆုဖလားများ ရရှိအောင် ကူညီနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များအတွင်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရခြင်း၊ ဇီဒန်းနှင့် အဆင်မပြေခြင်းတို့ကြောင့် ၂၀၁၉-၂၀ ရာသီ ပြန်လည်စတင်ချိန်တွင် တစ်ပွဲတည်းသာ ကစားခွင့် ရရှိခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးလာလီဂါဖလားကို ရီးရဲလ်မက်ဒရစ် ရယူရာမှာ ပွဲကစားချိန် မိနစ် ၁၀၀ ကျော်သာ ရှိခဲ့သည်။

Facebook Comments Box
Facebook Comment