ဘောလုံး ဘစိုင်းရဲ့ သေချင်တဲ့ကျား တောပြောင်း ဇာတ်ညွှန်း

✍ မင်းသားကြီး

သူ့ကို ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည် ဖြစ်စေ သူဟာ ဘောလုံး သမိုင်းမှာ ချန်ထားလို့ မရတဲ့ အထင် ကရ ပုဂ္ဂိုလ် တစ်ယောက်လို့ ကျွန်တော် လက်ခံထားတာ ကိုတော့ အရင်ဆုံး ဝန်ခံပါရစေ။

ဒါပေမယ့် ကျွန်တော့်အမြင်မှာ သူ့အတွက် အလိုက်ဖက်ဆုံး နာမည်က ဘောလုံး ဘစိုင်းပါပဲ။

ဘာကြောင့် ဘစိုင်းနဲ့ ထပ်တူပြုရသလဲ ဆို‎တော့ သူက လူပြိန်းကြိုက် ပေါ်ပင် ဖြစ်အောင် လုပ်တာ ကျွမ်းကျင်တယ်။ ကိုယ်ကျိုး ကြည့်လွန်းပြီး တကိုယ်ကောင်း ဆန်တယ်။ အတွင်းစိတ် ကောက်ကျစ်တယ်။

ကိုယ့်ကိုယ်ကို လိုအပ်တာထက် ပိုပြီး အထင် ကြီးတယ်။ ငွေကို အလွန် မက်တယ်။ ဒါပေမယ့် မီဒီယာ ပေါ်မှာ PR ကောင်းတယ်။ ပရိသတ် အကြိုက် လုပ်ပြတတ်တယ်။

ကုန်ကုန် ပြောရရင် Hater တွေကို သူ့စိတ်ထဲမှာ ဘယ်လောက်ထိ အမြင် ကတ် နေနေ လူရှေ့မှာ သဘောထား ကြီးသယောင် သူတော် ကောင်း ဟန်ဆောင် တတ်တာက အစ တူတယ်။

မင်းက သူ့ကို မနာလိုလို့ ပြောတာလို့ ခင်ဗျားတို့ ကျွန်တော့်ကို စွပ်စွဲလိမ့်မယ်။ ဒါမှမဟုတ် မက်ဆီဖန်လို့ ထင်လိမ့်မယ်။ ထင်ချင် သလို သာထင်။ ကျွန်တော် အခုလို သုံးသပ် ထားတာတွေ မှန်မမှန် ဒေတာနဲ့ ခင်းပြမယ်။

သူ့ရဲ့ ငယ်ဘဝက စပြောရရင် သူဟာ ငယ်စဉ်က ပညာရေးကို ဆုံးခန်း တိုင်အောင် မသင်ခဲ့ရဘဲ အသက် ၁၄ နှစ်မှာ ကျောင်းထွက်ပြီး ဘောလုံး လောကထဲ ခြေစုံပစ် ဝင်ခဲ့တယ်။

ဒါပေမယ့် ကျောင်းထွက်ရတဲ့ အဓိက အကြောင်းရင်းက သူ့ရဲ့ ဆရာကို ကုလားထိုင်နဲ့ ပစ်ပေါက် ခဲ့လို့တဲ့။ သူ့ကို လေးလေးစားစား မဆက်ဆံလို့ ဆိုပြီး အခုလို လုပ်လိုက်တာ။ ဒါတောင် ၁၄ နှစ်ပဲ ရှိသေးတယ်နော်။

ပေါ်တူဂီက စပို့တင်း လစ္စဘွန်းမှာ ကစားနေရင်း သူက ခြေစွမ်းလေးလည်း မဆိုးတော့ အသင်းကြီး တွေက စိတ်ဝင်စား။ ဆြာအဲလက်စ် ကိုယ်တိုင် သဘောကျတော့ မန်ယူခေါ်ပြီး မြေတောင်မြှောက် ပေးရင်း လူသိလာတာ။

ရောက်ကာစမှာပဲ ပုရွက်ဆိတ် ဥမှင်လို ဆံပင် ပုံစံနဲ့ ဘောလုံးကို အမျိုးမျိုး တို့ထိ ပလာတာရိုက်ပြီး ဆော့တဲ့ပုံစံကြောင့် မြန်မြန်ဆန်ဆန် လူသိလာတယ်။

ဒါပေမယ့် တစ်ဘက်မှာ အသင်းနဲ့ တွဲကစား ရမယ့်အစား တကိုယ်တော် အစွမ်း ပြချင် လွန်းလို့ လက်လွတ် သွားတဲ့ အခွင့်အရေး တွေကလည်း မနည်းပါဘူး။ ဆြာအဲလက်စ်ကြီးက ကောင်းကောင်း ထိန်းကျောင်း နိုင်လွန်းလို့သာ လမ်းကြောင်းပေါ်က မချော် သွားတာလို့ ပြောရမယ်။

ဒါတောင် သူရှာခဲ့တဲ့ ပြဿနာ တွေက မနည်းဘူး။ ပရိသတ်ကို လက်ခလယ် ထောင်ပြလို့ ပွဲပယ် ခံရတာ၊ နစ္စတယ်ရွိုင်း တို့လို အသင်းဖော် တွေနဲ့ လူသိ ရှင်ကြား ကတောက် ကဆ ဖြစ်တာတွေက သိပ်မကြီးတဲ့ ကိစ္စတွေ လို့တောင် ပြောလို့ရတယ်။

အဆိုးဆုံးက ၂၀၀၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့ ပေါ်တူဂီ တွေ့တော့ မန်ယူ အသင်းဖော် ရွန်နီကို အထုတ်ခံ ရအောင် ကိုယ်တိုင် လီဆယ် သရုပ်ဆောင် ခဲ့တာပဲ။ သူ့နိုင်ငံ အတွက် သူလုပ်တယ် ပြောလို့ ရပေမယ့် တစ်နှစ်လုံး အတူ တွဲကစား ရမယ့် သူတွေကိုတောင် နောက်ကျော ဓားနဲ့ထိုး ရက်တဲ့ စိတ်ဓာတ်က အံ့ဩစရာ ကောင်းတယ်။

အဲဒီ လုပ်ရပ်ကြောင့် ကလပ်မှာ ပြန်ကစားတော့ ပရိသတ် တွေ ဝိုင်းပြီး လှောင်ပြောင်တာ ခံရတာပေါ့။ အဲဒါကို အသင်းက သူ့ဘက်ကနေ အပြည့်အဝ မရပ်တည် ပေးဘူး ဆိုပြီး ထွက်မယ်လို့ ခြိမ်းခြောက် ပြန်တယ်။ စဉ်းစားသာကြည့်။ လုပ်ပုံက။

ဒါပေမယ့် အတွေ့အကြုံရင့် နည်းပြကြီး ဆြာအဲလက်စ်က ဘယ်လို စည်းရုံး လိုက်တယ် မသိ။ အသင်းမှာ သေသေဝပ်ဝပ် ဆက်ကစားပြီး ၂၀၀၈ မှာ ဘော်လွန်း ဒီအော်တောင် ရခဲ့သေးတယ်။

ဒါပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့ ရောဂါက ပြန်ထလာတယ်။ အသင်းတိုင်းက လိုချင်တဲ့ ကစားသမား ဖြစ်လာတော့ မိခင် အသင်းကို ခြေစုံကန်ပြီး အဲဒီ အချိန်က ထိတ်ထိတ်ကြဲ အသင်း ဖြစ်နေတဲ့ ရီးယဲလ်မက်ဒရစ်ကို ပြောင်းဖို့ တိတ်တိတ်ပုန်း ခိုးညှိတယ်။

ဒါကို အသင်းက သိသွားတော့ ဖီဖာကို တိုင်ပေမယ့် အဲဒီအချိန်က ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို အိတ်ထဲ ထည့်ထားတဲ့ ရီးယဲလ် အသင်း ဘာမှ အရေးမယူ မခံခဲ့ရဘူး။

အရေးမယူတဲ့ အပြင် ဘလတ္တာက အသင်းပြောင်း ချင်နေတဲ့ ကစားသမားကို ပြောင်းခွင့် မပေးတာဟာ ခေတ်သစ် ကျွန်ပြုမှု တစ်မျိုးပဲလို့ မန်ယူကို ပေါ်တင် ဝေဖန်တယ်။ ဒါကို သူကပါ ဝင်ထောက်ခံတယ်။ အဲဒီ အချိန်ထိ သူဟာ မန်ယူ ကစားသမား ဖြစ်နေတုန်းပဲ။ မျက်နှာပြောင် တိုက်ချက်က။

အဲဒီ ပြဿနာတွေ ဖြစ်ပြီးတော့ မန်ယူမှာ နောက်တစ်ရာသီ ဆက်ကစား သေးတယ်။ ဒါပေမယ့် စာချုပ်သစ် ထပ်ချုပ်ဖို့ ညှိမရတော့ တပြားမှ မရဘဲ လက်လွှတ် ရမယ့်အတူတူ အဲဒီ အချိန်က ကမ္ဘာ့ စံချိန်တင် ‎ပြောင်းရွှေ့ကြေးနဲ့ ရီးယဲလ်ကို ရောင်းလိုက်ရတယ်။

ရီးယဲလ်မှာတော့ သူက ပြဿနာ သိပ်မများခဲ့ပါဘူး။ မများဆို အဲဒီအချိန်က ရီးယဲလ်ဟာ ရာအူးလ်၊ ကာစီးလက်၊ ကာကာ၊ ရာမို့စ်၊ ဘန်ဇီမာ၊ အလွန်ဆိုတို့လို ထိပ်တန်း ကစားသမားတွေ ပြည့်နေတဲ့ အသင်း မို့လို့ မန်ယူမှာလို ဖူးဖူးမှုတ် ခံရမှာ မဟုတ်ဘူး ဆိုတာ နားလည်တာကိုး။

ဒါပေမယ့် ရီးယဲလ်မှာ ကစားခဲ့တဲ့ ၉ ရာသီမှာ သူ့ရဲ့ နေရာ ခိုင်မြဲလာတာနဲ့ အမျှ သူ့ရဲ့ စိတ်ဓာတ် ကလည်း တဖြည်းဖြည်း ဖုံးမရ ဖိမရ ပေါ်လာတာပဲ။ အသင်းမှာ ဆရာမွေး၊ တပည့်မွေးနဲ့ နည်းပြတွေ ကိုတောင် ပညာ ပြန်ပြတဲ့ အဆင့် ရောက်လာတယ်။

ရီးယဲလ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ဒီလို လူမျိုးတွေ ကိုင်တွယ်လာတာ အံတိုနေပြီ ဆိုတော့ သူ့ကို မျက်နှာသာ သိပ်မပေးတော့ဘူး။ ဒါကို သူက မကျေနပ်ဘူး။

ဒါကြောင့် စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင် ချင်လို့ပါ အကြောင်းပြပြီး ဂျူဗင်တပ်ကို ပြောင်းတယ်။ ဒါပေမယ့် သိပ်မကြာခင် မှာပဲ သူတကယ်တမ်း အသင်း ပြောင်းရတဲ့ အကြောင်းရင်းက ဥက္ကဌ ပီရက်ဇ်ရဲ့ ထောက်ခံ ပံ့ပိုးမှု အားနည်းလို့ပါ ဆိုပြီး ဖွင့်ချတယ်။

သူကသာ စိန်ခေါ်မှု အသစ်လို့ ပြောတာ။ အဲဒီအချိန်က စီးရီးအေ တပ်ပျက်ပြီး ဂျူဗင်တပ် တစ်သင်းတည်း စိုးမိုးနေတဲ့ အချိန်။ အမှတ်ပေး ချန်ပီယံ ၇ နှစ် ဆက်တိုက် ဖြစ်ထားပြီး နောက်ဆုံး ၄ နှစ် ဆက်တိုက် အမှတ်ပေးရော၊ ရှုံးထွက်ပါ double ဗိုလ်စွဲထားတဲ့ အသင်း။

အဲဒီတော့ သူရှိရှိ မရှိရှိ ချန်ပီယံ ဖြစ်မယ့် အသင်းမှာ အဆင်သင့် ခူးပြီး ခပ်ပြီး သွားစားတဲ့ သဘောပဲ။ ဂျူဗင်တပ် ကတော့ ဥရောပ အောင်မြင်မှု မျှော်မှန်းပြီး ခေါ်ခဲ့ပေမယ့် သူရောက်ပြီးမှ တစ်နှစ်တည်း အမှတ်ပေးနဲ့ ရှုံးထွက်ဖလားနှစ်လုံး တပြိုင်တည်း double ရတာမျိုးတောင် မရှိ တော့ဘူး။

နောက်ဆုံး ရာသီမှာ ၉ နှစ် ဆက်တိုက် ရထားတဲ့ အမှတ်ပေး ဖလား ကိုတောင် အင်တာမီလန် လက်ထဲ ပေးလိုက်ရလို့ ဒီလိဂ်မှာ သူ့အတွက် အခြေအနေ သိပ်မကောင်း တော့ဘူးလို့ တွေးပုံ ရပါတယ်။ ဆိုင်းမဆင့် ဗုံမဆင့် အသင်း ပြောင်းဖို့ လုပ်တော့တာပဲ။

တကယ်တမ်း သူပြောင်းဖို့ စဉ်းစားတာက ငွေများများ ရမယ့် မန်စီးတီးပါ။ ဒါပေမယ့် စီးတီးက အားလုံး တွက်ချက် ကြည့်ပြီး သူ့အသက်အရွယ်၊ ခြေစွမ်းနဲ့ စာရင် သူတောင်းတဲ့ ငွေက များလွန်းတယ်လို့ တွက်ပုံ ရပါတယ်။ ဒါကြောင့်် အသင်း ဘက်ကပဲ နောက်ဆုတ် သွားခဲ့တာပါ။

ဒီအချိန်မှာ မန်ယူကို ပြောင်းဖြစ်တာ ဖြစ်နိုင်တဲ့ အကြောင်းရင်း နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက မန်စီးတီးကို ငွေများများ တောင်းလို့ ကောင်းအောင် အပြိုင်အဆိုင် ရှိမယ့် ပြိုင်ဘက် တစ်ယောက် ဖန်တီးရင်းက စီးတီး နောက်ဆုတ် သွားတော့ မထူးဇာတ် ခင်းပြီး ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ဒုတိယ တစ်ခုက အခုအချိန်မှာ မန်ယူ ဆိုတာ ကမ္ဘာပေါ်မှာ fan base အတောင့်ဆုံး အသင်း ဖြစ်လို့ စီးတီးကိုသာ ပြောင်းလိုက်ရင် သစ္စာဖောက် ဆိုပြီး မုန်းသွားမယ့်သူ အရမ်းများပါ လိမ့်မယ်။

သူကိုယ်တိုင်က လူကြိုက်များ ချင်စိတ် ရှိသလို သူ့မှာ လူအများကို အားထား ရတဲ့ ပြင်ပ စီးပွားရေး လုပ်ငန်းတွေလည်း ရှိတဲ့အတွက် လူမုန်း များတဲ့ လမ်းကို မရွေးပဲ လူကြိုက်များအောင် အသင်းဟောင်းကို သူရဲကောင်း တစ်ယောက်လို ပြန်လာတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သူ့အတွက် တွက်ကိန်း မှားနိုင်တဲ့ အချက်က ဒီနှစ် မန်ယူဟာ လူအင်အား အရ မဆိုးလှပေမယ့် နည်းပြပိုင်း အားနည်းသလို ပြိုင်ဘက်တွေ ဖြစ်တဲ့ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးလ်လို အသင်းတွေ ခြေစွမ်း အကောင်းဆုံး ရာသီ ဖြစ်နေတာပါပဲ။

မန်ယူကို သူရောက်လာပြီးမှ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားတဲ့ ရလဒ်က အသင်းတကာ လှည့်ပြီး လူပေါ်လူဇော် လုပ်လာတဲ့ ဘောလုံး ဘစိုင်းရဲ့ ရင်ဝကို ဆောင့်ကန်လိုက် သလိုပါပဲ။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ထုံး နှလုံးမူပြီး အောင်မြေကို တကျော့ ပြန်လာတဲ့ ဘောလုံး ဘစိုင်း ခမြာ သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ ဇာတ်ညွှန်းမှာ ဝင်ပါမိ နေပြီလားလို့ တွေးနေမှာ အသေအချာပါပဲ။

Facebook Comments Box
Facebook Comment