
ဘောလုံးကို ချစ်ကြတဲ့သူများ
မောင်ဖိုးကွန့်
‘ကျွန်တော် ဘောလုံးကို ချစ်တယ်’ . . .
ဒီဝေါဟာရကို သေသေချာချာ ခွဲခြမ်းကြည့်ရင် တော်တော်လေးကို အဆီအငေါ်မတည့်တာပါ။ ဘောလုံးဆိုတာတာ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။
အဲဒါကြောင့် ဝါသနာပါတယ်။ သဘောကျတယ်၊ ကစားနေရတာ ပျော်တယ်၊ ကြည့်နေရတာ ပျော်တယ် . . . စသည်ဖြင့်ပေါ့။
ဒါပေမဲ့ အဲဒီအားကစားနည်းကို ချစ်တယ်ဆိုတာကြီးက လိုတာထက်ပိုနေတယ်လို့ မထင်ဘူးလား။
ထင်ချင်တဲ့သူ ရှိမယ်။ အထင်တဲ့သူလည်း ရှိမယ်။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီအားကစားနည်းဆိုတဲ့ ‘ဘောလုံး’ အပေါ် ကျွန်တော်ကတော့ ချစ်တယ်ဆိုတဲ့အဆင့်ထက် မလျော့တာသေချာတယ်။
ချစ်တယ်ဆိုတဲ့ ဝေါဟာရ ပါလာကတည်းက အဲဒီဘောလုံးဆိုတာနဲ့ ပတ်သက်သမျှကို စိတ်နဲ့မတွေ့ရင်တောင်မှ သိဖို့နားလည်ဖို့ ရင်းနှီးဖို့ ကိုယ့်မှာ တာဝန်ရှိလာပါတော့တယ်။
ဟုတ်တယ်ဗျ။ ကျွန်တော်က အဲဒီလိုခံယူတယ်။
ဒါကြောင့် ဘောလုံးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော် သိဖို့ကြိုးစားတယ်။ ရင်းနှီးဖို့ အားထုတ်တယ်။
ဘောလုံးပွဲ၊ ဘောလုံးသမား၊ နည်းပြ၊ နည်းစနစ်၊ ဘောလုံးကွင်း၊ ဘောလုံးအသင်း၊ ဒိုင်လူကြီး၊ စည်းမျဉ်းဥပေဒေ . . . အများကြီးပဲ ပြောလို့မကုန်ဘူး၊ ခုထိလည်း လေ့လာလို့မကုန်ဘူး။
ဘောလုံးကိုချစ်တယ် ဆိုတာနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်က Fox Sports Asia အတွက် ‘ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
အဲဒီစာမှာပါတဲ့ အကြောင်းအရာတွေက ပြည်တွင်းက ဘောလုံးသမားလေးတွေ တိုးတက်မှုတန့်နေတာနဲ့ ပတ်သက်လို့ ရေးခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ Fans ဆိုတဲ့ ပရိသတ်တွေကို ဦးတည်ပြီး ရေးမှာပါ။
မြင်နေကြားနေသမျှ ရေးရင် ပြောလို့မကုန်တဲ့ တစ်ထောင့်တစ်ညပုံပြင် ဖြစ်သွားပါလိမ့်မယ်။
အဲဒီတော့ Fans တွေ နဲ့ ဘောလုံးကြားထဲမှာရှိတဲ့ ဆက်စပ်မှု သေးသေးလေးတစ်ခုကိုပဲ ပြောဖို့ဖြစ်ပါတယ်။
အဲဒီအကြောင်း ပြောဖို့ဆိုရင် ကိုယ့်ပေါင်ကို ကိုယ်အရင်လှန်ပြီး ထောင်းရပါတော့မယ်။
ကျွန်တော့်ဘဝရဲ့ကိုယ်တွေ့လေးပေါ့။
ကျွန်တော်က ဘောလုံးကို လူမှန်းသိတတ်စကတည်းက နည်းမျိုးစုံနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးနဲ့ နီးစပ်ခဲ့ပါတယ်။
ဘောလုံးကန်တယ်၊ ဘောလုံးအကြောင်း စာဖတ်တယ်၊ ဘောလုံးပွဲကြည့်တယ် . . .လုပ်လို့အခွင့်အရေးရသလောက် ဆိုပါတော့။
(၁၀)တန်းအောင်ပြီးတော့ အိမ်ကလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးလိုက်တာကြောင့် ပိုပြီးနီးစပ်လာခဲ့ပါတယ်။
လူငယ်အရွယ်ကို ကုန်လွန်ခါနီးအချိန်မှာတော့ မမျှော်လင့်ဘဲ အိမ်ထောင်ကျခဲ့တာက ဒီဇတ်လမ် း စတော့တာပါပဲ။
ကျွန်တော်ပြောခဲ့သလို အချိန်ပြည့်နီးပါး ဘောလုံးဘောလုံး လုပ်နေတဲ့ကျွန်တော် အိမ်ထောင်ကျသွားတဲ့အချိန်မှာတော့ ပြဿနာ နည်းနည်းရှိလာတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့်အိမ်ထောင်ဖက် ဖြစ်လာတဲ့သူက ဘောလုံးနဲ့ပတ်သက်ရင် ဘာဆိုဘာမှမသိတဲ့ အမျိုးသမီးဖြစ်နေလို့ပါပဲ။
လက်မထပ်ခင် ရည်းစားဘဝမှာကတည်းက သူက မြန်မာကားတွေထဲက ဒိုင်ယာလော့ခ်တွေနဲ့ ‘ဘောလုံးကို ပိုချစ်လား၊ သူ့ကို ပိုချစ်လား’ ဆိုတာမျိုးပေါ့။
ကိုယ်ကလည်း မြန်မာကားတွေထဲက ဒိုင်ယာလော့ခ်အတိုင်း ‘မတူတဲ့ပုံစံနဲ့ နှစ်ခုလုံးကို ချစ်တယ်’ ဘာညာပေါ့။
အဲ . . .အိမ်ထောင်ဖြစ်လာတဲ့အခါမှာတော့ နှစ်ခုလုံးချစ်တာက ပြဿနာရှိလာတယ်။
မိန်းမက ၂၄ နာရီ အနားမှာရှိနေပြီး ဘောလုံးပွဲတွေက အချိန်အကန့်အသတ်နဲ့ လာတာဆိုတော့ အဲဒီနှစ်ခုဆုံရင် ကွိုင်တော့တာပဲ။
နောက်ပြီး ကျွန်တော့်အမျိုးသမီးက စိတ်ကူးယဉ်တတ်၊ ကြောက်တတ်တဲ့ သဘာဝရှိတော့ သန်းခေါင်ကျော်ကန်တဲ့ ချန်ပီယံလိဂ်တွေရှိရင် စိတ်ညစ်ရပါတယ်။
ကျွန်တော်က ဘောလုံးပွဲကြည့်ချင်တယ်၊ မိန်းမက တစ်ယောက်တည်း အိပ်မနေရဲဘူး။
ဘောလုံးပွဲက အိမ်မှာပဲကြည့်တာဆိုပေမယ့် အဲဒီအချိန် အိပ်ခန်းထဲမှာ တစ်ယောက်တည်း မနေခဲ့ရဲဘူးဆိုတော့ ကြည့်ရတဲ့အခါတောင် စိတ်ဖြောင့်ဖြောင့် မကြည့်ရဘူး။
ဘာစီလိုနာနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကန်တဲ့ညမှာတော့ ပြဿနာအရှိန် နည်းနည်းပြင်းပြီး ကျွန်တော် အဲဒီပွဲတစ်ဝက်နဲ့ အခန်းကို ပြန်လာခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ တွေးတာက ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေဘူး။ ဒီမိန်းမကိုပါ ဘောလုံးပွဲကြိုက်လာဖို့ လိုင်းသွင်းရမယ်ဆိုတဲ့ အတွေးရလာပြီး စီမံကိန်း ရေးဆွဲရပါတော့တယ်။
ကျွန်တော့်အမျိုးသမီးက ရုပ်ရှင်ဇာတ်လမ်းတွေတော့ စိတ်ဝင်စားတဲ့သူဖြစ်လို့ ဘောလုံးပွဲနဲ့ပတ်သက်ပြီး သူ့ကိုစတင်စည်းရုံးဖို့ ဇာတ်လမ်းဇာတ်ကွက် ထွင်ရပါတော့တယ်။
ကျွန်တော်တို့အရွယ်တန်းတွေရဲ့ 90%လောက်က ဘောလုံးပွဲကို 99 က မန်ချက်စတာယူနိုက်တက်နဲ့ စငြိတာများပြီး အဲဒီအချိန်က ကျွန်တော်ကလည်း ယူနိုက်တက်ကြိုက်တဲ့ ပရိသတ်တစ်ယောက်ပါ။
တစ်နေ့ အမျိုးသမီးကို အေးအေးဆေးဆေးစကားပြောဖို့ ပြင်ဆင်ပြီး ကျွန်တော်တွေးထားတဲ့အတိုင်း သူ့ကိုပြောပြပါတော့တယ်။
‘ အဲဒီ . . ပရီးမီးယားလိဂ်မှာ မန်ယူဆိုတဲ့ အသင်းတစ်သင်းရှိတယ်။ သူတို့က အစတုန်းကတော့ သိပ်မအောင်မြင်တဲ့ အသင်းလေးပေါ့။ တစ်နေ့ ဖာဂူဆန်ဆိုတဲ့လူကြီးတစ်ယောက်က နည်းပြဖြစ်လာပြီး အသင်းမှာရှိတဲ့ နာမည်ကြီးကစားသမားတွေကိုထုတ် သူသေသေချာချာ သင်ပေးထားတဲ့ ဘောလုံးကန်ခါစ ကလေးတွေနဲ့ အသင်းကို ပြုပြင်ပြောင်းလဲရေးတွေလုပ်။
အစပိုင်းတော့လူတွေက သူ့ကို ဝိုင်းပြီးအပြစ်တင်ကြ၊ ကဲ့ရဲ့ကြနဲ့။ အရင်က နည်းနည်းလေး အောင်မြင်နေတာတွေတောင် ပိုဆိုးသွားတာကိုး။ ဒါပေမဲ့ သူ့တပည့်တွေ တဖြည်းဖြည်းကောင်းလာတဲ့အခါကျတော့မှ . . အရမ်းအောင်မြင်သွားတာပေါ့။
အဲဒီအချိန်မှာ ဖာဂူဆန်နဲ့ပြိုင်ဘက်က အာဆင်ဝင်းဂါးဆိုတဲ့ ပြင်သစ်ကြီးပေါ့။
သူကလည်း သူ့အစွမ်းအစနဲ့သူ တော်တော်ဉာဏ်ပြေးတော့ ပရီးမီးယားလိဂ်မှာ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေတာ . . .
အဲဒီအချိန်မှာ မော်ရင်ဟိုဆိုတဲ့ နည်းပြပေါက်စလေးတစ်ယောက် ရောက်လာခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ . . . . . .’ အဲဒီလို ဇာတ်လမ်းဇာတ်ကွက်နဲ့ နာရီဝက်လောက် မနားတမ်းပြောတာကို သေချာနားထောင်ပြီး တော်တော်သဘောကျပုံရပါတယ်။
‘ အဲဒီလိုဆို ပရီးမီးယားလိဂ်မှာ မန်ယူက မင်းသားပေါ့ အာဆင်နယ်က ဒုတိယမင်းသား ချယ်ဆီးက လူကြမ်း အဲဒီသဘောမျိုးလား’ လို့ ပြန်မေးလာတော့ ကျွန်တော် တော်တော်စိတ်ညစ်သွားမိတယ်။
ဒါပေမဲ့ အကြံကတော့ ထိရောက်တယ် ဆိုရမယ်။ သူတော် တော်စိတ်ဝင်စားပြီး ပရီးမီးယားလိဂ်အကြောင်း ပြောလာတဲ့အထိ အထမြောက်ခဲ့တယ်။
ကျွန်တော်လည်း ဒီထက်ပိုငြိလာအောင် ချန်ပီယံလိဂ်လို ပွဲကြီးပွဲကောင်းတွေလာရင် သူ့ကိုဘောလုံးပွဲပြရင်း ပိုစည်းရုံးမယ်ပေါ့။ အကြံနဲ့ စောင့်နေခဲ့တယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်မလာခင် ပြဿနာအရင်လာတယ်ဗျ။
နောက်တစ်ပတ်လောက်နေတော့ သူကျောင်းက ပြန်ရောက်တဲ့အခါ(ကျွန်တော့်အမျိုးသမီးက မူကြိုဆရာမပါ) သူ့ကျောင်းက ဘောလုံးပွဲဝါသနာပါတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားများလာတယ်ဆိုတဲ့အကြောင်း၊ အဲဒီလုပ်ဖော်ကိုင်ဖက်က အာဆင်နယ်ပရိသတ်ဖြစ်ပြီး အာဆင်နယ်က မန်ယူထက်ပိုကောင်းကြောင်း၊ ပရီးမီးယားလိဂ်မှာ ကြီးစိုးနေတဲ့ မန်ယူအနိုင်ကျင့်တာကို ဘယ်သူကမှ မတုံ့ပြန်နိုင်ဘဲ ခေါင်းငုံ့နေရတဲ့အချိန်မှာ အာဆင်နယ်က ရဲရဲဝံ့ဝံ့ တုန့်ပြန်ခဲ့တာဖြစ်ကြောင်း၊ ဒီဇာတ်လမ်းမှာ မန်ယူက လူကြမ်းဖြစ်ပြီး အာဆင်နယ်က တော်လှန်စိတ်ရှိတဲ့ သူရဲကောင်းမင်းသားသာဖြစ်ကြောင်း၊ အဲဒီလိုပြောတော့ သူက ဘာမှပြန်မချေပနိုင်ခဲ့လို့ ပြန်ချေပရမယ့်အချက်တွေ လာမေးတာဖြစ်ပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတွေကြားထဲမှာလည်း အာဆင်နယ်ပရိသတ်တွေရှိပြီး ကျွန်တော်နဲ့ ငြင်းခဲ့ခုန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူတို့ပြောသလို ဇာတ်လမ်းဆန်ဆန် ငြင်းခုန်တာမျိုးမဟုတ်ဘဲ ဘောလုံးကန်တာနဲ့ ပတ်သက်တာမျိုးလောက်ပဲ ငြင်းဖူးတာဆိုတော့ တော်တော်စားသွားတယ်။
ကျွန်တော်လည်း မြန်မြန်ပြီး အေးရောဆိုပြီး တချို့ချဲ့ကားပြီး အချက်အလက်တချို့ သင်ပေးပြီးဖြေရှင်းလိုက်တယ်။
အဲဒီမှာ ပြဿနာတစ်ခု ငြိမ်းသွားပြီး အေးဆေးပြန်ဖြစ်သွားရော။
ဒါပေမယ့် အဲဒီကိစ္စက အဲဒီမှာမပြီးဘူးဗျ။
ရက်နည်းနည်းကြာပြီး သူ့အမျိုးတွေအိမ် တစ်ယောက်တည်း အလည်သွားရာက ပြန်လာတော့ နောက်တစ်ခါ လာပြန်ရော။
သူ့အစ်မဝမ်းကွဲတစ်ယောက်က ချယ်ဆီးပရိသတ်တဲ့။ အဲဒါနဲ့ သူနဲ့ငြင်းကြပြန်ရော။
သူ့အစ်မပြောတာကတော့ မန်ယူနဲ့အာဆင်နယ်တို့ပဲ ကြီးစိုးနေတဲ့ ပရီးမီးယားလိဂ်မှာ ချယ်ဆီးကဖောက်ထွက်ပြီး အနိုင်ယူပြလိုက်တာကမှ သူရဲကောင်းတဲ့။
အဲဒီအစ်မက ဟိုဆရာမထက် ပိုသိပုံရပါတယ်။ တော်တော် အချက်ကျကျ ပြောလိုက်သလို သူပြန်မလှန်နိုင်လောက်အောင် နှိပ်ကွပ်လိုက်တဲ့ပုံရတယ်။
ပြန်တုန့်ပြန်ဖို့ မသင်ခိုင်းတော့သလို တော်တော်လည်း ဝမ်းနည်းသွားပုံပါပဲ။
ဒါ့အပြင် နောက်ပိုင်းမှာလည်း ဘောလုံးပွဲနဲ့ပတ်သက်လို့ ပြောမလာတော့သလို ကျွန်တော်လည်း ဝင်ငွေနည်းနည်းကောင်းလာလို့ ကျွန်တော်တို့အခန်းမှာ TV ဟောင်းလေးတစ်လုံး ဝယ်နိုင်လိုက်လို့ အပြင်ထွက် ဘောလုံးပွဲကြည့်စရာမလိုတော့ဘဲ ဒီကိစ္စက စီမံကိန်းအတိုင်း မဖြစ်ပေမယ့် ပြေလည်သွားခဲ့ပါတော့တယ်။
ပြောချင်တာက ဘောလုံးပွဲတွေကို ကျွန်တော်တို့ အာရုံဝင်စားတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ကြည့်ကြ ပုံဖော်ကြသလဲ။
တစ်ယောက်နဲ့တစ်ယောက် ရှုထောင့်မတူသလို အဖြစ်အပျက်တွေကလည်း လိုရင်လိုသလို လမ်းကြောင်းပြောင်း ဇာတ်လမ်းဆင်လို့ ရနေပါတယ်။
အခု ကျွန်တော်တို့ လူမှုစာမျက်နှာပေါ်မှာ ဖြစ်နေတာတွေက ဒီသဘောမျိုးဆန်တဲ့ အခြေအနေမျိုးပါ။
ဘောလုံးပွဲတွေကို အခြေခံပြီးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ကြ ဒီကိစ္စကတော့ ‘ဒီလိုဖြစ်မှာပဲ . . .’ ဆိုတဲ့ မှန်းဆချက်အခြေခံပြီး ကိုယ့်အယူအဆကို ခိုင်မာအောင်တည်ဆောက်ကြ။
အမြင်မတူတဲ့သူနဲ့တွေ့ရင် စကားများကြ။ အဲဒီထက်ဆိုးလာတော့ လှောင်ကြ၊ ပြောင်ကြ။
သည်းမခံနိုင်တော့ ဆဲကြဆိုကြ ဒါက အခုFacebook မှာဆို ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာပြီ။
ကိုယ်နဲ့တစ်ခါမှ မျက်နှာချင်းမဆိုင်ဖူးသလို ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ပညာ ဘယ်လောက်သာလဲဆိုတာ မသိရဘဲ စိတ်ထဲက အရုန့်ရင်းဆုံးစကားလုံးနဲ့ ဆဲရေးတာမျိုးတွေကို မမြင်ချင်အဆုံး တွေ့နေရပါတယ်။
ဘောလုံးကို ချစ်တယ်ဆိုတဲ့ အစိတ်အပိုင်းမှာ ဒါမျိုးအခြေအနေတွေက ဘောင်ဝင်ရဲ့လား။
တကယ်ရော ဘောလုံးကို ချစ်ရဲ့လား။ ဘောလုံးအားကစားနည်းကို ချစ်တာထက် ဘောလုံးအသင်းတစ်သင်း၊ ဘောလုံးသမားတစ်ယောက်ကို ပိုချစ်နေတာမျိုးလား။
ဘောလုံးအားကစားကို ချစ်တယ်လို့ခံယူပြီး အမြင်ချင်းမတူ အားပေးတဲ့အသင်းချင်းမတူတဲ့ ကိုယ့်လိုလူတစ်ယောက်ကို အလွယ်တကူဆဲရေးဖို့ ဝန်မလေးတဲ့ အခြေအနေကရော မှန်ရဲ့လား။
တစ်ခုမေးပါရစေ ခင်ဗျား ဘောလုံးကို ချစ်တဲ့လူတစ်ယောက်လား ????
(ပြောချင်တဲ့ အကြောင်းအရာလေးတွေထဲမှာ ကျန်သွားခဲ့တာမျိုး ရှိပါသေးတယ်။ နောက်တစ်ခါအခြေအနေအကြောင်းတိုက်ဆိုင်ရင် ထပ်ရေးဖြစ်ဦးမှာပါ။ ကျွန်တော့်ဘဝဇာတ်လမ်းနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ အကြောင်းအရာတွေက (၉၀%)လောက်ပဲ အမှန်တရားဖြစ်ပြီး တချို့အကြောင်းအရာတွေက ရေးချင်တဲ့အကြောင်းအရာကို ရောက်အောင် ဆွဲယူဖန်တီးထားတာဖြစ်တယ်လို့ ဝန်ခံပါတယ်)