ဘူဖွန်၏နိုင်ငံတကာပွဲစံချိန်ကို လိုက်မီသွားခဲ့သည့် ဆာဂျီယို ရာမို့စ်

စပိန်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်သည် အီတလီဂန္ထဝင်ဂျီယန်လူဂီဘူဖွန်၏ဥရောပတွင် လက်ရွေးစင်ပွဲအများဆုံးကစားထားသည့် ကစားသမားစံချိန်ကို လိုက်မီသွားခဲ့သည်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူသည် ဗုဒ္ဓဟူးနေ့က နယ်သာလန်နှင့် တစ်ဂိုးစီသရေကျသည့် ခြေစမ်းပွဲတွင် စပိန်လက်ရွေးစင်အတွက် ၁၇၆ ပွဲမြောက်ပွဲအား ဝင်ရောက်ကစားခဲ့သည်။ ဘူဖွန်သည် ၂၀၁၈ ခုနှစ်၊ မတ်လတုန်းက အီတလီအတွက် နောက်ဆုံးပွဲကစားခဲ့ပြီး ၁၇၆ ပွဲဖြင့် ဥရောပတွင် လက်ရွေးစင်ပွဲအများဆုံးကစားထားသည့် ကစားသမားစံချိန်ကို တင်ခဲ့သည်။

အသက် ၃၄ နှစ်ရှိ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်၏စပိန်သည် နယ်သာလန်နှင့် ပွဲတွင် ပွဲချိန် ၁၉ မိနစ်၌ ဆာဂျီယိုကာနာလက်စ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဒွန်နီဘန်ဒီဘိခ်က နယ်သာလန်အတွက် ချေပဂိုး သွင်းယူခဲ့သည်။

ရာမို့စ်သည် ၂၀၀၅ ခုနှစ်၊ မတ်လတုန်းက တရုတ်နှင့် ခြေစမ်းပွဲတွင် စပိန်အတွက် ပထမဆုံးပွဲကို ကစားခဲ့သူဖြစ်သည်။ သူသည် အသက် ၁၈ နှစ်နှင့် ၃၆၁ ရက်တွင် စပိန်အတွက် ပထမဆုံးပွဲကို ကစားခွင့်ရခဲ့သူဖြစ်ပြီး ၅၅ နှစ်အတွင်း စပိန်အတွက် အသက်အငယ်ဆုံးကစားခွင့်ရသူအဖြစ် မှတ်တမ်းတင်ခဲ့သည်။

သူသည် စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ယူရိုဖလား ၂ ကြိမ် ဆွတ်ခူးထားနိုင်သည်။ ညာနောက်ခံလူအဖြစ် ကစားသမားဘဝကို စတင်ခဲ့သည့် ရာမို့စ်သည် စပိန်လက်ရွေးစင်အသင်း အတွက် ၂၃ ဂိုးသွင်းယူကာ စပိန်၏ ဂိုးအများဆုံးသွင်းယူသူများစာရင်းတွင် အဆင့် ၈ နေရာ၌ ရပ်တည်နေသည်။

ရာမို့စ်သည် လာမည့် စနေနေ့တွင် ဆွစ်ဇာလန်နှင့် ကစားရမည့် နေးရှင်းလိဂ်ပွဲစဉ်တွင် ဥရောပတွင် လက်ရွေးစင်ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်း ရေးထိုးလာမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment