ဘုတ်အဖွဲ့အသစ် ရောက်လာလျှင် ဘာစီလိုနာ၌ မက်ဆီ ဆက်နေနိုင်ကြောင်း ဆွာရက်ဇ်ပြောကြား

လူးဝစ်ဆွာရက်ဇ်က လက်ရှိဥက္ကဌဘာတိုမြူအပါအဝင် ဘာစီလိုနာဘုတ်အဖွဲ့အပြောင်းအလဲ ဖြစ်လာလျှင် လီယွန်နယ်မက်ဆီမှာ ဘာစီလိုနာတွင် ဆက်ရှိနေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

မက်ဆီသည် ပြီးခဲ့သည့် နွေရာသီတုန်းက အသင်းပြောင်းခွင့်ပေးရန် တောင်းဆိုခဲ့သူဖြစ်ပြီး နောက်ဆုံးတွင် ကလပ်ဘက်က စာချုပ်ပါအချက်အတိုင်း ယူရို သန်း ၇၀၀ ပေးမှ ထွက်ခွာနိုင်မည်ဟု ဆိုလာမှုကြောင့် ဘာစီလိုနာတွင် ဆက်ရှိရန် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် မက်ဆီသည် ဘာစီလိုနာနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ရာ အနာဂတ်မှာ မရေမရာဖြစ်နေသည်။ မက်ဆီသည် လက်ရှိဥက္ကဌဘာတိုမြူနှင့် ဘုတ်အဖွဲ့တို့တွင် အနာဂတ် အောင်မြင်ရေး စီမံကိန်း တစ်စုံတစ်ရာမရရှိမှုတို့အပေါ် မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။

ဆွာရက်ဇ်က “ဘာစီမံကိန်းမှ မရှိဘူးဆိုတာ အမှန်ပါပဲ။ ဘာရေရှည်စီမံကိန်းမှ လည်း မရှိပါဘူး။ သူတို့က မက်ဆီက ပြောခဲ့တာဟာကွက်တွေကို လိုက်ဖာထေးဖို့ဘဲ လု်ပနေကြတာပါ။ သူ (မက်ဆီ)က ကလပ်က ထွက်ချင်ခဲ့တယ်။ ကလပ်ကလည်း သူ့ကို အလိုမရှိဘူး။ သူ့ကို အားပေးဖို့ ကြိုးစားခဲ့တာပါ။ သူ့ကို ဂရုစိုက်ခဲ့တာပါ။ သူ့ကို စိတ်သက်သာမှုရအောင် လုပ်ခဲ့တာပါ။ ကလပ်က မက်ဆီနဲ့ကျွန်တော့်ကို နီးနီးကပ်ကပ် မရှိစေချင်ပါဘူး။ ကျွန်တော်တို့အကြား ကောင်းမွန်တဲ့ ရင်းနှီးရှိတာ သူတို့ မကြိုက်ပါဘူး။ မက်ဆီ ဘာစီလိုနာက ထွက်ခွာချင်တယ်ဆိုတာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကလပ်အနေနဲ့ သူဆုံးဖြတ်ချက်ကို လေးစားသင့်ပါတယ်။ မက်ဆီ အခြားကလပ်တစ်ခုမှာ ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ တဖန်ပြန်ပြီးတော့ သက်တောင့်သက်သာရှိလာပြီ၊ ပျော်ရွှင်မှုလည်း ပြန်ရလာပြီ၊ နောက်ဘုတ်အဖွဲ့အသစ်လည်း ရောက်လာမယ်ဆိုရင်တော့ သူ ဒီကလပ်မှာ ဆက်ကစားသွားနိုင်ပါမယ်”ဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်မှာလည်း ဘာစီလိုနာသမိုင်းတွင် တတိယဂိုးအများဆုံးသွင်း ယူထားသူအဖြစ် ရပ်တည်ထားသော်လည်း နည်းပြသစ်ကိုးမန်းက အလိုမရှိမှုနှင့်အတူ အက်သလက်တီကိုသို့ ပြောင်းခဲ့ရသူ ဖြစ်သည်။

ဆက်လက်၍ ဆွာရက်ဇ်က ဘာစီလိုနာနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဂိုး သွင်းယူနိုင်ပါက အောင်ပွဲခံမည်မဟုတ်ကြောင်းဆိုသွားခဲ့သည်။

Facebook Comments Box
Facebook Comment