ဘီရဲလ်ဆာမှာ ဘောလုံးလောကတွင် မိမိ လေးစားအားကျဆုံးပုဂ္ဂိုလ်ဟု ဂွါဒီယိုလာ ဖွင့်ဟ

ဂွါဒီယိုလာက လိဒ်ယူနိုက်တက်နည်းပြမာဆယ်လိုဘီရဲလ်ဆာမှာ ဘောလုံးတွင် မိမိ လေးစား အားကျဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ လိဒ်သည် ယနေ့ညတွင် မန်စီးတီးကို ဧည့်ခံကစားရမည် ဖြစ်သည်။ ဘီရဲလ်ဆာနှင့် ဂွါဒီယိုလာတို့သည် နည်းဗျူဟာပိုင်း ကောင်းမွန်မှုကြောင့် နည်းပြလောကတွင် နာမည်ကြီးကြသည့် သူများဖြစ်ရာ ယနေ့ပွဲစဉ်မှာ စိတ်လှုပ်ရှားစရာကောင်းလာရန် သေချာနေသည်။

ဂွါဒီယိုလာသည် နည်းပြဘဝ ၁၂ နှစ်တာကာလအတွင်းတွင် ကွဲပြားသည့် ဥရောပ ထိပ်သီး လိဂ်သုံးခုတွင် အမှတ်ပေးဖလား ၈ ကြိမ် ဆွတ်ခူးထားနိုင်သော်လည်း ဘီရဲလ်ဆာမှာ သမိုင်းတစ်လျှောက် အစစ်မှန်ဆုံး နည်းပြဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဂွါဒီယိုလာက “သူက ဘောလုံးလောကမှာ နည်းပြအဖြစ်ရော လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ ကျွန်တော် လေးစားအားကျရဆုံးပုဂ္ဂိုလ်ပါ။ သူက သမိုင်းတစ်လျှောက် အစစ်မှန်ဆုံးနည်းပြလို့ ထင်ပါတယ်။ သူ့အသင်းကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ကြည့်လိုက်ရင် တကယ့်ကို ပြိုင်ဘက်ကင်းပါ။ သူ့ကို ဘယ်သူမှ လိုက်မီမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကွင်းတွင်း/ကွင်းပြင် သူ့အပြုအမူတွေအပြင် မီဒီယာမှာ သူ့အပြုအမူတွေကလည်း လိုက်မီဖို့ ခက်ခဲပါတယ်။ နည်းပြတစ်ဦးရဲ့တန်ဖိုးဆိုတာ ဘယ်လောက် အောင်မြင်မှု ရသလဲဆိုတာနဲ့ မဆိုင်ပါဘူး။ ကျွန်တော့်အသင်းတွေက သူ့အသင်းတွေထက် အောင်မြင်မှု ရကောင်း ရပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်ပြီး ဗဟုသုတပိုင်းမှာတော့ ကျွန်တော်က သူထက် အများကြီး နိမ့်ပါသေးတယ်။ သူကိုင်တွယ်တဲ့အသင်းတိုင်းက ကစားပုံကောင်းတယ်။ သူတို့ ဘယ်လောက် ရိုးသားကြသလဲ။ အမြဲတမ်း တိုက်စစ်ဆင်ချင်တယ်။ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ဖန်တီးချင်ကြတယ်”ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ဂွါဒီယိုလာက ၎င်းမှာ ဘီရဲလ်ဆာ၏လွှမ်းမိုးမှု မရှိခဲ့ဘဲ ဂျိုဟန်ခရိုက်ဖ်၏ လွှမ်းမိုးမှုသာ ခံခဲ့ရကြောင်း ပြောကြားသွားသည်။

၎င်းက “သူ့လွှမ်းမိုးမှု မရှိပါဘူး။ ဒါကလည်း သူနဲ့ နေ့စဉ်နေ့ဆက် အတူ လေ့ကျင့်ခန်း မလုပ်ဖူးလို့ပါ။ ဒီတော့ ကျွန်တော့်ဘဝမှာ အလွှမ်းမိုးဆုံးနည်းပြက ဂျိုဟန်ခရိုက်ဖ်ပါ”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment