ဘီဘီစီ တစ်နှစ်တာ အကောင်းဆုံးအားကစားဆုအတွက် ဆန်ကာတင်စာရင်းတွင် ရပ်ရှ်ဖို့ဒ် ပါဝင်လာဖွယ်မရှိ

မားကပ်ရပ်ရှ်ဖို့သည် ကွင်းပြင်ပ ပရဟိတလုပ်ဆောင်မှုများကြောင့် ဗြိတိန်တလွှား နာမည်ကျော်ကြားလျက်ရှိနေသော်လည်း ဘီဘီစီ၏ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆု (Sports Personality of the Year) အတွက် ဆန်ကာတင် စာရင်းတွင် ပါဝင်လာဖွယ် မရှိကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသည် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ အား အဟာရပြည့်ဝစွာ စားသုံးခွင့် ရရှိရေး တိုက်ပွဲဝင်မှုကြောင့် ဗြိတိန်တလွှားချီးကျူးခြင်းခံနေရသည့်အပြင် ဗြိတိန်ဘုရင်မကြီး၏ MBE ဘွဲ့ ချီးမြှင့်ခံရမည့် စာရင်းတွင်လည်း ပါဝင်နေသည်။

သို့ရာတွင် Daily Mail ၏ ဖော်ပြချက်အရ အသက် ၂၂ နှစ်ရှိ ရပ်ရှ်ဖို့ဒ်သည် ဘီဘီစီ၏ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုအတွက် ဆန်ကာတင်စာရင်း စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိရာ ထည့်သွင်းခြင်းခံရမည် မဟုတ်ကြောင်း ဖော်ပြသွားသည်။

ဘီဘီစီသည် တစ်နှစ်တာ အကောင်းဆုံးအားကစားဆုအား ပြိုင်ပွဲအတွင်း ဆုရရှိမှု များအပေါ်တွင်သာ စဉ်းစားရာ ရပ်ရှ်ဖို့ဒ်မှာ လွဲချော်ရရန် သေချာနေသည်။

ထို့ကြောင့် ပေါ်တူဂီဂရောင်းပရီတွင် စံချိန်သစ်ဖြင့် အောင်ပွဲဆင်ခဲ့သည့် ဖော်မြူလာဝမ်းစူပါစတား လီဝစ်ဟာမီတန်မှာ ရေပန်းအစားဆုံး ဖြစ်နေသည်။

ရပ်ရှ်ဖို့ဒ်သည် ကိုဗစ်ကာလအတွင်းတွင် ပရဟိတ လုပ်ဆောင်ချက်များကြောင့် အားလုံး၏ ချီးကျူးမှု ရရှိထားသော်လည်း ကွင်းအတွင်းတွင် တစ်စုံတစ်ရာ အောင်မြင်မှု ရရှိထားခြင်း မရှိချေ။

သူသည် ၂၀၂၀ ခုနှစ်အတွင်းတွင် ယူနိုက်တက်နှင့် အင်္ဂလန်တို့အတွက် ၂၈ ပွဲကစားထားရာတွင် ၁၁ ဂိုးသွင်းယူထားပြီး ၂၀၁၇ ခုနှစ်ကတည်းက ဆုဖလားတစ်လုံးမျှ ရယူထားနိုင်ခြင်း မရှိချေ။

ထို့ကြောင့် ရပ်ရှ်ဖို့ဒ်မှာ ဘီဘီစီ၏ တစ်နှစ်တာ အကောင်းဆုံးအားကစားဆုအတွက် ဆန်ကာတင်စာရင်းတွင် ချန်လှပ်ခံရရန် သေချာနေသည်။

ဘီဘီစီသည်  တစ်နှစ်တာအားကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကို ဌာနတွင်းမှ တာဝန်ရှိသူ ၁၂ ဦးတို့၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment