ဘိုင်ယန်က ကစားသမားအလဲအထပ်လုပ်ရာတွင် အသုံးချလိုခဲ့ကြောင်း အလာဘာ ဖွင့်ချလာ

ဒေးဗစ်အလာဘာက ဘိုင်ယန်မြူးနစ်အား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ကိုင်တွယ်ပံုအပေါ် အပြင်းအထန် ဝေဖန်ပြောကြားလိုက်ပြီး ကလပ်က သူ့ကို ကစားသမားအလဲအထပ် လုပ်ရာတွင် သုံးလိုနေမှုကြောင့် ပါးရိုက်ခံရသလို ခံစားခဲ့ရကြောင်း ပြောကြားလာသည်။

စနေနေ့တုန်းက ဘိုင်ယန်မြူးနစ်က ဩစတြီးယားလက်ရွေးစင်အား စာချုပ်သစ်ချု်ပဆိုရေး ကမ်းလှမ်းထားမှုကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အသက် ၂၈ နှစ်ရှိ အလာဘာ၏ စာချုပ်သက်တမ်းမှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အနေဖြင့် ဇန်နဝါရီမတိုင်မီ အလဘာအား စာချုပ်သစ်ချု်ပဆိုရေး ကြိုးပမ်းခွင့် ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် အလာဘာသည် ဇန်နဝါရီလမှစတင်ကာ အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိနေသည်။

အလာဘာနှင့် ဘိုင်ယန်မြူးနစ်တို့အကြား စာချုပ်ကိစ္စဆွေးနွေးမှုမှာ အဆင်မပြေမှုများ ဖြစ်လာမှုနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လူသိရှင်ကြား ဝေဖန်ပြောကြားမှုများ ရှိခဲ့ကာ တင်းမာလျက်ရှိသည်။

အစောပိုင်းတုန်းက ဘိုင်ယန်ဥက္ကဌဟောင်းဟူလီဟိုးနက်စ်က အလာဘာမှာ ယူရို ၁၂၅ သန်းတန် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပြီး အလာဘာကလည်း ငြင်းဆိုမှု ပြုလုပ်ခဲ့သည်။

ယခုတစ်ဖန် အလာဘာက “ဒုတိယ(သို့မဟုတ်) တတိယအကြိမ် (စာချုပ်ကိစ္စ)ဆွေးနွေးပြီးတော့ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ ပြီးတော့ ကစားသမားအလဲအထပ် လုပ်ရာမှာ ပါဝင်နိုင်သလားလို့ မေးမြန်းခံခဲ့ရတယ်။ ဒါက ပါးရိုက်ချလိုက်တာနဲ့အတူတူ ပါပဲ။ စာချုပ်ဆွေးနွေးတဲ့အချိန်မှာ အပြန်အလှန်လေးစားမှုတွေ၊ အသိအမှတ်ပြုမှုတွေ ရှိရပါမယ်။ ဒါပေမယ့် ဆွေးနွေးမှုက မှန်ကန်တဲ့လမ်းသို့ မသွားခဲ့ပါဘူး။ အခုဆို ၁ နှစ်ကျော်တောင် ကြာပါပြီ”ဟု ပြောကြားခဲ့သည်။

အလာဘာသည် ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ကလပ်နှင့်အတူ အောင်မြင်မှုများစွာ ရယူထားနိုင်သူ ဖြစ်သည်။ ၎င်းကို မန်စီးတီး၊ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်တို့က စိတ်ဝင်စားနေသည်။

Facebook Comments Box
Facebook Comment