
ဘာတွေကို ယုံကြည်ရမလဲ မသိတော့တဲ့လိဂ်
N ကြယ်မင်း
ပရီးမီးယားလိဂ်ဟာ ရူးသွပ်နေသောအသွင် ရှိပါတယ်။ မဖြစ်နိုင်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အဲ့ဒါက ဘာကိုပေးနိုင်သလဲ ကျွန်တော်တို့မသိဘူး ဖြစ်ရတယ်။
ဒါက ကြီးမားတဲ့ အားပြိုင်မှုကို ပြတာပဲ။ လိဂ်တစ်ခုရဲ့ ဒီရေမြင့်သစ် ဖြစ်တယ်လို့ သတ်မှတ်ဖို့ရာလည်း ဒီအနေအထားက အဲ့ဒီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်လို့ ကျွန်တော် မထိတွေ့နိုင်ပါဘူး။
အသင်းငယ်တွေဟာ ထင်မှတ်မထားတဲ့ ရလဒ်တွေကို ဆွတ်ယူလာနိုင်ကြတာ မှန်ပေမယ့် သူတို့ရဲ့မူရင်းအနှစ်အသားတွေ ပြောင်းလဲလာတယ်ဆိုတဲ့ ယုံကြည်မှုကိုတော့ ပေးစွမ်းနိုင်ခြင်း မရှိသေးပါဘူး။
သဘောက ကစားသမားစုဖွဲ့မှု ခိုင်မာလာခြင်း၊ နည်းဗျူဟာမြောက် ကစားနိုင်ခြင်း၊ ပွဲကိုလှည့်ပြောင်းနိုင်သူများ တစ်ဦးထက်မက ပိုင်ဆိုင်လာခြင်း၊ ဘယ်လိုပွဲစဉ်မျိုးမှာမဆို မရှုံးအောင် ကစားတတ်လာခြင်း ဆိုတာတွေ အထင်အရှား မြင်တွေ့နိုင်ဖို့ လိုပါတယ်။
ဒါက ရေနီယာရီရဲ့ ၂၀၁၆ လက်စတာ စွမ်းဆောင်နိုင်ခဲ့မှုတွေကို ပြန်လည်လို့ အမှတ်ရစေပါလိမ့်မယ်။ အဲဗာတန်တွေ လိဂ်ကိုဦးဆောင်ခဲ့စဉ်က ၂၀၁၆ လက်စတာလို ဖြစ်လာမလားဆိုတာ ထုံးစံအတိုင်း အားလုံးက မြန်ဆန်စွာ တွေးခေါ်ပစ်လိုက်ကြသေးတာပါ။
အဲ့ဒါကိုပြောဖို့ဆိုတာ သိပ်ပြီးစောနေသေးတယ် ဆိုနိုင်ပေမယ့် အသင်းကြီးတွေ အားလုံးလိုလို ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ရာသီချင်းကတော့ တူညီနေပါတယ်။
ဒါပေမဲ့ အဲ့ဒီတုန်းက လက်စတာလို စွမ်းဆောင်နိုင်ဖို့ ဆိုတာကတော့ သိပ်ပြီး လွယ်ကူနိုင်မယ် မဟုတ်ပါဘူး။ ခံစစ်က ဆိုးရွားနေချိန်မှာ ရှုံးနေတဲ့ပွဲကို သရေ လိုက်ကစားနိုင်ခဲ့တယ်။

အဲ့ဒါကို ရအောင်ပြင်ပြီး 1-0 နိုင်ပွဲတွေနဲ့ မြေခွေးတွေကို အသက်သွင်းခဲ့တယ်။ အခုလိုမျိုး သူတု့ိတွေ ချန်ပီယံဖြစ်ကြတော့မှာလားလို့ မေးခွန်းတွေ ဗွက်ထလာချိန်မှာ ရေနီယာရီက အဲ့ဒါကို ဖိအားတစ်ခု ဖြစ်မလာအောင် ထိန်းနိုင်ခဲ့တယ်။
ဘယ်နှစ်ပွဲဆက် နိုင်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ဖို့ရည်ရွယ်ထားခြင်း မရှိပါဘူးလို့ ပုတ်ထုတ်ခဲ့တယ်။ အရေးအကြီးဆုံးလို့ ဆိုရမယ့် ကစားသမားကောင်းတွေ အစုလိုက်အပြုံလိုက် ထွက်ပေါ်မှုမှာလည်း လက်စတာက မပျက်ကွက်ခဲ့ပါဘူး။
ကောင်းပြီ၊ အဲ့ဒီ လက်စတာလိုမျိုး ဘယ်အသင်း ဖြစ်လာမလဲဆိုရင် အခုလက်ရှိ ဦးဆောင်နေတဲ့ လက်စတာတောင် ဖြစ်နိုင်မယ်မထင်လှပါဘူး။ ကင်းပါဝါမှာပဲ ဝက်စ်ဟမ်းနဲ့ဗီလာကို ရှုံးနိမ့်လိုက်တဲ့ပွဲတွေဟာ ၂၀၁၆ ဖြစ်တည်ခဲ့မှုတွေနဲ့ ကင်းကွာလျက်ရှိနေပါတယ်။
ဒါက အသင်းကြီးတွေလည်း ရှုံးနေကြတာပဲမဟုတ်လား ဆိုတာနဲ့ သွားပြီးနှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ အသင်းကြီးတွေမှာက သူတို့မှာ ရှိနှင့်ပြီးသား ချန်ပီယံသွေးသား၊ အစဉ်အလာနဲ့ ငါတို့လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိနေပါတယ်။
ပြီးတော့ တင်ကစားရမယ့်အချိန်မှာ လုံလောက်တဲ့ ကစားသမားကောင်းတွေ၊ အသင်းရုပ်ထွက် အရည်အသွေးတွေ ပိုင်ဆိုင်ပြီးသားပါ။ အသင်းငယ်တစ်သင်း အတွက်ကျတော့ မဖြစ်နိုင်ဘူး ထင်ရတဲ့ပွဲတွေ အနိုင်ယူခဲ့ရမယ်။
သေပြီလေ၊ ဒင်းတို့ရှုံးလိုက်စမ်းလို့ ထိုးနှစ်ခံရမယ့်ပွဲတွေမှာ သရေကစားတတ်ရမယ်။ အခုလိုမျိုး အိမ်ကွင်းမှာ နှစ်ပွဲဆက်ရှုံးခဲ့တာမျိုးကို လုံးဝရှောင်ရှားနိုင်ဖို့ လိုပါတယ်။
ဒီမှာ လက်စတာမှ မဟုတ်ပါဘူး။ လိဂ်အိမ်ဦးခန်း တက်ထိုင်နေတဲ့ ဘယ်အသင်းမှ လုပ်နိုင်ကြမယ်လို့ ကျွန်တော် မခံစားရသေးပါဘူး။ အားလုံး အထင်ကြီးခဲ့ကြတဲ့ အဲဗာတန်ဆို ၃ ပွဲဆက် ရှုံးနိမ့်လိုက်ပါတယ်။

ငါတို့ညီညွတ်နေရင် ဘာမှမဖြစ်လို့ အော်ဟစ်ခဲ့ကြဖူးမှာ ဆိုပေမယ့် ရစ်ချာလီဆန် ပွဲပယ်ခံလိုက်ရတဲ့ ၃ ပွဲလုံး ရင်ကွဲနာကျခဲ့ရတာ များလှပါတယ်။ နိုင်ပွဲဆက်နေချိန်မှာ လွယ်လွယ် အကောင်းမြင်ထားသူတွေဟာ အခုလို အခြားတစ်ဖက် လှည့်မိတယ်ဆိုရုံလေးနဲ့ အထင်သေးဖို့၊ ရှုတ်ချဖို့ အဆင်သင့် ဖြစ်နေတတ်ကြပြန်တာပါ။
ဟာမီးရဲ့ ပွဲကိုစီးနိုင်စွမ်းဟာ မှန်ကန်တဲ့ရေချိန် မရှိဘူးလား။ မီနာ၊ ကိန်းတို့နဲ့ မဖြစ်တဲ့ခံစစ်ဟာ ဟိုးလ်ဂိတ်နဲ့ ဘာထူးမှာလဲ။
စသည်ဖြင့် အပျက်သဘောဆောင်မှုတွေဟာ ရုန်းကြွလာတတ်သလို အသင်းကိုယ်တိုင်ကလည်း ဒီလိုနိမ့်ပါးမှုမျိုးမှာပဲ မျောအီလွင့်ပါးသွားတတ်ကြတာ စဉ်းစားရပါလိမ့်မယ်။
ဗီလာက လိဒ်စ်နဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဂိုးပြတ်တွေ ရှုံးနိမ့်ပစ်တယ်။ ပြီးမှ အာဆင်နယ်ကွင်းမှာ 0-3 နဲ့ အနိုင်ယူပြန်တယ်။
ဘယ်မှာလဲ တည်ငြိမ်တဲ့ ရေအလျင်တွေ၊ ဘယ်မှာလဲ၊ တစ်သမတ်တည်းသွားတဲ့ခြေစွမ်းတွေ..၊ ဆောက်သမ်တန်က နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်ပြီး၊ တစ်ပွဲသရေ ကစားခဲ့ပါတယ်။
ဒါက ဒီရာသီမှာ ဘယ်အသင်းကြီးမှ မလုပ်နိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ ကျယ်လောင်တဲ့ ဂုဏ်ပြုမှုတွေလည်း ခံယူထိုက်ပါတယ်။

ဒါပေမဲ့ ရိုမီယူ၊ ဝက်စ်ပရောက်၊ ရေမွန်၊ ဝဲလ်ကော့၊ ဒန်နီအင့်စ်တို့လို လိုအပ်တာထက် နွမ်းကျေပြီးသား ကစားသမားတွေအတွက် ဒီလောက်က လိုအပ်တာထက် ကောင်းနေပါပြီ။
ဒီ့ထက် ပိုရနိုင်မယ်လို့ မမျှော်လင့်ကောင်းပါဘူး။ ဒါကြောင့် မဖြစ်နိုင်တာတွေ တစ်ဗိုလ်တက်၊ တစ်ဗိုလ်ဆင်း မင်းမူနေတာကို ရူးသွပ်နေတဲ့ အသွင်ယူမှုလို့ ကျွန်တော် သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
ဒါဖြင့် အသင်းကြီးတွေကရော..။ သူတို့ဆိုလည်း ရောက်နေတဲ့ အဆိုးတွေဆီက ပြန်လှည့်လာနိုင်တာပဲ မဟုတ်လားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဒီတစ်ပတ်ပဲကြည့်၊ မန်စီးတီးက လီဗာပူးနဲ့ စိတ်ပျက်ဖွယ် သရေကျလိုက်ပြန်ပါတယ်။ လီဗာပူးက ချန်ပီယံလီဗာပူးနဲ့ မတူခဲ့ဘူး ပြောရလောက်အောင် `ခုန်´နေတာတွေ မြင်တွေ့ကြရမှာပါ။
မန်ယူက ချန်ပီယံယာဉ်ကြော တစ်နေရာပေးပါဆိုရင် အခြားအသင်းဖန်တွေ ရယ်မောကြမှာပေါ့။ ဒီနေရာမှာ ချန်ပီယံမဖြစ်ဖူးသေးတဲ့ အသင်းတွေထဲက စပါးနဲ့ ချန်ပီယံဟောင်းတွေထဲက ချဲလ်ဆီးတို့နှစ်သင်းဟာ အိပ်မက်စိုက်ပျိုးရေးက အအောင်မြင်ဆုံး သစ်သီးဝလံတွေ ဖြစ်လာနိုင်တာ တွေ့ရပါမယ်။

မော်ရင်ညိုတို့ ဆရာတပည့်နှစ်ယောက်ရဲ့သတိကြီးပုံ၊ စိတ်လက်ရှည်ရှည်တည်ဆောက်နိုင်ပုံ၊ စနစ်တကျ မြင့်တက်လာပုံတွေသာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။
ဒါပေမဲ့ သူတို့ကိုယ်တိုင်ရော အသွင်ယူထားကြတာပဲလား၊ မကြာခင်မှာ ဂငယ်ကွေ့တွေ ကွေ့ပစ်ကြဦးမှာလား ဆိုတာကတော့ ဘယ်သူမှ အပြတ်ပြောနိုင်လိမ့်ဦးမယ် မဟုတ်ပါဘူး။