ဘာစီလိုနာ၏ဝီနယ်ဒမ် အပြောင်းအရွှေ့ကို လာလီဂါပိတ်ပင်

ဘာစီလိုနာသည် လီဗာပူးကွင်းလယ်ကစားသမားဂျော့ဂျီနီယို ဝီနယ်ဒမ်အား မခေါ်ယူရန် ပိတ်ပင်ခြင်းခံလိုက်ရကြောင်း သိရသည်။ ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းသည် ယခုနွေရာသီတွင် အဓိကပစ်မှတ်အဖြစ် နယ်သာလန်လက်ရွေးစင်အသင်းတွင် လက်တွဲဖူးသည့် ဝီနယ်ဒန်နှင့် ဒီပေးတို့အား ခေါ်ယူလိုနေသည်။

သို့ရာတွင် ဘာစီလိုနာသည် ဘဏ္ဍာရေးအကြပ်ဆိုက်လျက်ရှိရာ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုမပြုလုပ်ရန် လာလီဂါ၏တားဆီးခြင်းခံထားရသည်။

လာလီဂါသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်အသင်းများ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေမှုမှာ ပိုမိုမဆိုးရွားလာစေရန် ကန့်သတ်မှုများ ပြုလုပ်ထားသည်။

ဘာစီလိုနာသည် တစ်နှစ်လျှင် ကစားသမား လုပ်ခ အသုံးစရိတ် ပေါင်သန်း ၅၁၀ အထိ ရှိသည့် ကလပ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အသင်းရှိ ကစားသမားများကို မရောင်းချဘဲ ဝီနယ်ဒမ်နှင့် ဒီပေးတို့ကို ခေါ်ယူနိုင်မည် မဟုတ်ချေ။ ဒါ့အပြင် ဘာစီလိုနာအနေဖြင့် ကစားသမားခေါ်ယူအားဖြည့်ပါက အပြောင်းအရွှေ့စရိတ်အပေါ်မူတည်ကာ စပိန်အစိုးရထံသို့ ငွေကြေးအချို့ ပေးသွင်းရဦးမှာ ဖြစ်သည်။ စပိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်အကြပ်အတည်းကာလအတွင်းတွင် ကလပ်များကို ယင်းငွေများဖြင့်ပင် အကူအညီပေးသွားမည် ဖြစ်သည်။

လာလီဂါသည် ကလပ်အသင်းများအား ပြီးခဲ့သည့် ငါးနှစ်အတွင်း ကလပ်ဝင်ငွေ အပေါ် မူတည်ကာ ကလပ်များအား အပြောင်းအရွှေ့စရိတ်မည်မျှသုံးရန် ကန့်သတ်မှု ပြုလု်ပထားသည်။

လာလီဂါ၏ပြန်ကြားရေး ဒါရိုက်တာ ဂျိုရစ်အဲဗားက “ယူအီးအက်ဖ်အေရဲ့ Financial Fair Play နဲ့ မသက်ဆိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ချမှတ်ထားပါတယ်။ ယူအီးအက်ဖ်အေက ရာသီတစ်ခု ပြီးချိန်မှာ ကြည့်ပါတယ်။ ကျွန်တော်တို့ကတော့ ရာသီမစတင်ခင်မှာ ကိုက်ညီမှုရှိ/မရှိကြည့်ပါတယ်။ တကယ်လို့ ဘာစီလိုနာက အပြောင်းအရွှေ့တစ်ခုခု လုပ်ပြီဆိုရင် ကျွန်တော်တို့က ချက်ချင်း သိရှိပါမယ်။ ကလပ်တွေကလည်း ဒီစနစ်ကို လက်ခံပါတယ်။ အခုခေတ်ကာလမှာ ကစားသမား လုပ်ခတွေကြောင့် ဝန်ပိနေတဲ့အပြင် ငွေလည်း သုံးပြီး သုံးရင်း ဖြစ်နေတော့ ကလပ်တွေက လက်ခံပါတယ်။ ဘယ်သူမှ ဒီအခြေအနေကို ဘယ်မပြန်ရောက်ချင်ကြပါဘူး”ဟု ပြောကြားသွားသည်။

ဘာစီလိုနာသည် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်ခဲ့သည့် ခြောက်လတာကာလအတွင်းတွင် ပေါင်သန်း ၃၀၀ အထိ အရှုံးပေါ်ထားသည်။

ဘာစီလိုနာသည် ဝီနယ်ဒမ်နှင့် ဒီပေးတို့အား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီဟု ယူဆရသည်။ သို့သော် မက်ဆီမှာ ဘာစီလိုနာတွင် ဆက်ရှိနေမှုနှင့် အတူ ဘာစီလိုနာမှာ လုပ်ခအတွက် များစွာ သုံးရဦးမှာ ဖြစ်သည့်အပြင် ဆွာရက်ဇ်ကို စာချုပ်ဖျက်သိမ်းရေး လုပ်ဆောင်မှုမှာလည်း အဆင်မပြေဖြစ်နေသည်။

ယင်းသို့ အနေအထားများကြောင့် ဝီနယ်ဒမ်သည် ယခုရာသီတွင် လီဗာပူးတွင်ပင် ဆက်ကစားကာ လာမည့်နှစ် မေလတွင်မှ ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေသည်။

Facebook Comments Box
Facebook Comment