ဘာစီလိုနာ၌ ညာတောင်ပံတွင် ကစားနေရမှုအပေါ် ဂရက်ဇ်မန်း မပျော်မရွှင်ဖြစ်နေ

အန်တိုနီယို ဂရက်ဇ်မန်းမှာ ဘာစီလိုနာ၌ ကစားနေရသည့် နေရာအပေါ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ပြင်သစ်နည်းပြ ဒီဒီယာဒက်ချမ့်က ပြောကြားလိုက်သည်။

အသက် ၂၉ နှစ်ရှိ ဂရက်ဇ်မန်းသည် ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်အသင်း ချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီခဲ့သူဖြစ်ပြီး ငွေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်သည်။

ဂရက်ဇ်မန်းသည် နည်းပြသစ်ကိုးမန်း၏လက်အောက်တွင် တောင်ပံသို့ ထွက်ကစားနေရသည်။ သူသည် ယခင်တုန်းက တောင်ပံတွင် ကစားသော်လည်း အများအားဖြင့် ဗဟိုတိုက်စစ်နေရာတွင် ပိုမိုကစားလာခဲ့ရခြင်းလည်း ဖြစ်သည်။

ဒက်ချမ့်က “သူနဲ့စကားပြောသွားပါမယ်။ သူနဲ့တွေ့မှာပါ။ သူဟာ လက်ရှိအခြေအနေအပေါ်မှာ မပျော်မရွှင်ဖြစ်နေပါတယ်။ အခြားကလပ်တွေမှာ ကျွန်တော့်ကစားသမားတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ဝင်စွက်ဖက်လေ့မရှိပါဘူး။ အန်တိုနီဟာ အခုအချိန်မှာ ဘာစီလိုနာမှာ ညာခြမ်းမှာ ကစားနေရပါတယ်။ ဒါက အမှန်ပါ။ ကိုးမန်း ကိုယ်တိုင်လည်း ပြောထားပြီးသားပါ။ သူက(ဂရက်ဇ်မန်း)ဗဟိုနေရာမှာပိုကစားတယ်ဆိုတာ သူ(ကိုးမန်း)မသိပါဘူး။ ဒါပေမယ့် အန်တိုနီအနေနဲ့ အံဝင်အောင်တော့ ကစားရပါမယ်။ ကျွန်တော့်အတွက်တော့ သူက ဗဟိုသို့ ရောက်နေချိန်မှာ ပိုပြီးတော့ ထိရောက်တယ်လို့ ထင်ပါတယ်။ ဘောလုံးအများကြီး ထိတွေ့နိုင်တယ်။ အဲဒီနေရာမှာဆိုရင် သူ့အနေနဲ့ အလယ်တန်းကိုလည်း ကူနိုင်ပါတယ်။ သူ့မှာ အခြားကစားသမားတွေလို တောင်ပံကနေ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဘောလုံးသယ်ဆောင်နိုင်တဲ့ အစွမ်း မရှိပါဘူး။ သူက ဘောလုံးအများကြီး ထိတွေ့ဖို့ လိုတဲ့သူပါ။ သူ့ ရွှေ့လျားတာလည်း အရမ်းကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်သည် ဂရက်ဇ်မန်းကို ပြင်သစ်အသင်းတွင် ဗဟိုတိုက်စစ်တွင်သာ ဆက်လက် အသုံးပြုသွားဦးမှာ ဖြစ်သည်။

ဂရက်ဇ်မန်းသည် ပြင်သစ်အတွက် ပွဲ ၈၀ ကစားကာ ၃၁ ဂိုးသွင်းယူထားပြီး ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူများစာရင်း၌ ဇီဒန်းနှင့်အတူ အဆင့် ၅ တွင် ရပ်တည်နေသည်။

ပြင်သစ်သည် နိုင်ငံတကာပွဲစဉ်များအဖြစ် ယူကရိန်း၊ ပေါ်တူဂီ၊ ခရိုအေးရှားတို့နှင့် ရင်ဆိုင်ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment