ဘာစီလိုနာသို့ လူသာရို အပြောင်းအရွှေ့ မဖြစ်နိုင်တော့ကြောင်း အင်တာအတည်ပြု

အင်တာ အားကစားဒါရိုက်တာ ပီရိုအူဆယ်လီယိုက ဘာစီလိုနာ ခေါ်ယူရန် ကြိုးပမ်းလာသည့် တိုက်စစ်မှူးလူသာရို မာတီနက်ဇ်မှာ အပြောင်းအရွှေ့ဈေးကွက်ပေါ်တွင် မရှိတော့ကြောင်း ပြောကြားလိုက်သည်။

လူသာရိုမာတီနက်ဇ်သည် ယခုနှစ် အစောပိုင်း ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် မရိုက်ခတ်သည့် ကာလတုန်းက ဘာစီလိုနာသို့ ပြောင်းရေး အတွက် အလွန်နီးစပ်ခဲ့သူဖြစ်သည်။

သို့ရာတွင် ဘာစီလိုနာသည် ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပျံ့နှံ့ပြီးနောက် လူသာရိုမာတီနက်ဇ် အပြောင်းအရွှေ့နှင့်ပတ်သက်၍ အင်တာမီလန်နှင့် ဆွေးနွေးမှုအား ရပ်ဆိုင်းခဲ့သည်။

ဘာစီလိုနာသည် ၂၀၁၉-၂၀ ရာသီမသိမ်းမီတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုနှင့်အတူ မာတီနက်ဇ်ကို ခေါ်ယူရေး လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း ကလပ်အတွင်း အကြီးအကျယ် အပြောင်းအလဲဖြစ်ကာ မက်ဆီထွက်ခွာရန် တောင်းဆိုမှု၊ ဆွာရက်ဇ်အား အလိုမရှိတော့မှုတို့နှင့်အတူ မာတီနက်ဇ်အား ခေါ်ယူရေး ပြန်လည် လုပ်ဆောင်လာခဲ့သည်။

ထို့အပြင် လူသာရိုမာတီနက်ဇ် စာချုပ်အတွင်းတွင် ပါဝင်သည့် ယူရိုသန်း ၉၀ ဖြင့် အသင်းပြောင်းနိုင်သည့်အချက်မှာလည်း ဇူလိုင်လကတည်းက ကုန်ဆုံးသွားပြီး ဖြစ်သည်။

အူဆယ်လီယိုက “ကစားသမားအတွက် ဘာစီလိုနာရဲ့ ချဉ်းကပ်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးမှု မလုပ်လာခဲ့တာ ကြာပါပြီ။ ပြီးတော့ စာချုပ်မှာ ပါဝင်တဲ့အချက်ကလည်း အခု အကျုံးမဝင်တော့ပါဘူး။ သက်တမ်းကုန်ဆုံးသွားပြီ ဆိုတော့ လူသာရိုက ဈေးကွက်ထဲမှာ မရှိတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့အပြင် အူဆယ်လီယိုက ဘာစီလိုနာ ကွင်းလယ်ကစားသမားဗီဒယ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း အတည်ပြုသွားသည်။ ဗီဒယ်သည် ယခုနွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာမည့် ကစားသမားစာရင်းတွင် ပါဝင်နေသူဖြစ်ပြီး အင်တာသို့ ပြောင်းမည်ဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။

၎င်းက “အာတူရိုဗီဒယ်ကို ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူက ဘာစီလိုနာ ကစားသမားပါ။ တကယ်လို့ သူတို့ဘက်က သင့်တော်တဲ့အခြေအနေနဲ့ ထွက်ခွာခွင့်ပေးလာမယ်ဆိုရင်တော့ သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ စဉ်းစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းက ချဲလ်ဆီးကွင်းလယ်ကစားသမားကန်တီမှာ အင်တာသို့ ပြောင်းလာမည်မဟုတ် ကြောင်း အတည်ပြုသွားသည်။

Ref:Sky Sport Italia

Facebook Comments Box
Facebook Comment