ဘာစီလိုနာသို့ မပြောင်းခင် ကိုးမန်းက သတိပေးခဲ့ကြောင်း ဒီဂျောင် ဖွင့်ဟ

ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်က လွန်ခဲ့သည့် တစ်နှစ် ကျော်က လာလီဂါသို့ ပြောင်းရွှေ့ရန် နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းနှင့် တိုင်ပင်စဉ် မိမိကို ဆောင်ရန်ရှောင်ရန် ကိစ္စများအား သတိပေးခဲ့ကြောင်း ဖွင့်ဟသည်။

အသက် ၂၃ နှစ်အရွယ် ဒီဂျောင်သည် အေဂျက်စ်အသင်း၏ ထွန်းသစ်စ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ကာတာလန် အခြေစိုက်က လပ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ၅ နှစ်စာချုပ်ခဲ့သည်။

နယ်သာလန် အသင်းအတွက် ၁၉ ပွဲကစားကာ ၁ ဂိုးသွင်းထားသော ဒီဂျောင်က လာလီဂါသို့ ပြောင်းရွှေ့ရေးအတွက် ဘာစီလိုနာအသင်း၏ ဂန္ထဝင် ကစားသမားအဖြစ် သတ်မှတ်ခံထားရသော ကိုးမန်းထံမှ အကြံဉာဏ်များ တောင်းခံခဲ့ခြင်း ဖြစ်သည်။

ကိုးမန်းက ကလပ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် မှတ်ချက်များကိုသာ ပြောကြားခဲ့သည်ဟု ယခုရာသီတွင် လာလီဂါ ၅ ပွဲ ကစားထားသော ဒီဂျောင်က ဆိုသည်။

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကိုးမန်းကို ဖုန်းဆက်ပြီး မေးခဲ့တယ်။ သူက ဘာစီလိုနာနဲ့ ပတ်သက်ပြီး ကလပ်တစ်ခု အနေနဲ့ရော၊ မြို့တစ်ခု အနေနဲ့ပါ တကယ်ကို အပြုသဘော ဆောင်တာတွေ ပြောပြခဲ့တယ်။ နောက်ပြီး သူက သတိထားရမယ့် အရာတွေကိုလည်း ပြောသေးတယ်။

စားသောက်ဆိုင်တွေကို မကြာခဏ မသွားဖို့၊ စားရင်လည်း အများကြီး မစားဖို့ စတာတွေပေါ့။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာရဲ့နေထိုင်မှုဘဝက အရမ်းကောင်းနေလို့ပဲ။ လည်ပတ်ချင်စရာ နေရာတွေက များပြားလွန်းလို့ ခင်ဗျားဆိုရင်လည်း တစ်ခါတလေ တစ်နှစ်ပတ်လုံး လည်ပတ်ချင်စိတ် ပေါက်မိမှာပါ” ဟု နည်းပြသစ် ကိုးမန်းလက်ထက် ပုံမှန်ပွဲကစားခွင့် ရရှိနေသော ဒီဂျောင်က ပြောသည်။

ဘာစီလိုနာသို့ ရောက်ရှိလာသည်မှာ ၂ နှစ်နီးပါး ကာလသို့ ရောက်ရှိလာပြီး နောက် မိမိကိုယ်မိမိ ဒေသခံ ကာတာလိုနီးယားတစ်ယောက်လို ခံစားမိသည်ဟုလည်း ၎င်းက ဝန်ခံသည်။

Ref:marca

Facebook Comments Box
Facebook Comment