ဘာစီလိုနာလူငယ်စတား ဖာတီ ဒူးဒဏ်ရာအပြင်းအထန် ရရှိ

ဘာစီလိုနာလူငယ်ပါရမီရှင်အန်ဆူးဖာတီသည် ဘက်တစ်ကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒူးအရွတ်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။ အသက် ၁၈ နှစ်ရှိ ဖာတီသည် ဒဏ်ရာရရှိခဲ့မှုကြောင့် ပထမပိုင်းတွင် လီယွန်နယ်မက်ဆီနှင့် လူစားလဲခဲ့ရသည်။

ပွဲအပြီးတွင် ဘာစီလိုနာက ဖာတီမှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ကာလတစ်ခု အနားယူရတော့မည် ဖြစ်ကြောင်း အတည်ပြုလာသည်။

ဘာစီလိုနာက “ဖာတီမှာ ဘယ်ဖက်ဒူးအတွင်းပိုင်းအရွတ် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။ လာမယ့် ရက်တွေမှာ သူ့ကို ဘယ်လို ကုသမလဲဆိုတာ ဆုံဖြတ်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် စပိန်အသင်းက ဖာတီနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြေညာခြင်း မရှိသေးချေ။ သို့ရာတွင် သူသည် လာမည့် စပိန်အသင်း၏ နိုင်ငံအသင်းပွဲစဉ်များကို လွဲချော်ရန် သေချာနေပြီ ဖြစ်သည်။

စပိန်သည် လာမည့် ဗုဒ္ဓဟူးနေ့တွင် နယ်သာလန်နှင့် ခြေစမ်းပွဲကစားမည် ဖြစ်သည်။ ယင်းပွဲအပြီးတွင် စပိန်သည် နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ဆွစ်ဇာလန်၊ ဂျာမနီတို့နှင့် နေးရှင်းလိဂ်ဖလားပွဲစဉ်များ ကစားရမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment