
ဘာစီလိုနာမှ ထွက်လျှင် မက်ဆီ ဘယ်ကို သွားမလဲ?
လီယွန်နယ်မက်ဆီဟာ ယခုနွေမှာ နျူးကမ့်ကနေ ထွက်ခွာတော့မယ်လို့ ဘာစီလိုနာကို အကြောင်းကြားထားကြောင်း သတင်းထွက်နေပါတယ်။
ဘာစီလိုနာက အရှုပ်ထုပ်တစ်ခုဖြစ်နေမှုနဲ့အတူ မက်ဆီဟာ ဘာစီလိုနာကို စွန့်ခွာချင်လာတာလို့ ယူဆလို့ရပါတယ်။ ဘာစီလိုနာရဲ့နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအမှားတွေဟာ ပြီးခဲ့တဲ့သောကြာညမှာ ဗူးပေါ်သလို ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ စီမံခန့်ခွဲမှုအမှား တွေက ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်မှုနဲ့အတူ အပြစ်တင်စရာ ဖြစ်လာပါတယ်။
လီယွန်နယ်မက်ဆီဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ဘာစီလိုနာမှာမနေလိုတော့ဘဲ ယခုနွေတွင်ပင် ထွက်ခွာလိုနေပြီ ဖြစ်ကြောင်း ကလပ်ကိုအကြောင်းကြားလာပြီ ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီရဲ့အပြောင်းအရွှေ့သာ တကယ်ဖြစ်လာမယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဘေားလုံးသမိုင်းမှာအကြီးအကျယ်ဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခု ဖြစ်လာဖို့ သေချာနေပါတယ်။ ဘာစီလိုနာမှာ ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလာခဲ့တဲ့သူ့အပြောင်း အရွှေ့က လူတိုင်းအတွက် စိတ်ဝင်စားစရာဖြစ်နေပါတယ်။
မက်ဆီလို သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားစာရင်းဝင်တစ်ဦးကို ကမ္ဘာမှာ ရှိတဲ့ကလပ်တိုင်းက လိုချင်နေကြမှာ သေချာပါတယ်။ မက်ဆီလို ဘာစီလိုနာအပေါ်မှာ သံယောဇဉ်ရှိရှိ သစ္စာရှိရှိကစားလာခဲ့တဲ့ ကစားသမားတစ်ယောက် လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ကို ၂၀၂၀-၂၁ ရာသီမှာ ဘာစီလိုနာမှာ မမြင်တွေ့ရမှာ အံ့ဩစရာဖြစ်လာမှာတော့ သေချာနေပါတယ်။
တကယ်လို့များ မက်ဆီသာ ဘာစီလိုနာကနေ တကယ်တမ်း ထွက်ခွာဖြစ်မယ်ဆိုရင် ဘယ်ကလပ်သို့ သွားမလဲ? မက်ဆီ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ ကလပ်တွေကို soccer88 က တင်ပြပေးသွားပါမယ်။
🏴 မန်စီးတီး
မန်စီးတီးကတော့ မက်ဆီ ပြောင်းနိုင်ခြေ အများဆုံး ကလပ်ဖြစ်ပါတယ်။ ယင်းမှာ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ ဂွါဒီယိုလာရှိတယ်။ ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး၊ လူစိတ်ဝင်စားမှု အများဆုံးလိဂ်မှာ ကစားရမယ်။ ပြီးတော့ မန်စီးတီးကတော့ ချန်ပီယံလိဂ်ဖလား အရမ်း လိုချင်နေတယ်။ မက်ဆီသာ ဘာစီလိုနာက ထွက်ခွာရင် မန်စီးတီးတို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ အင်္ဂလိပ်မီဒီယာတွေကလည်း ဖော်ပြနေပါတယ်။ မက်ဆီရဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခတွေက မန်စီးတီးအတွက် ပြဿနာမဟုတ်ပါဘူး။ မက်ဆီရဲ့ဘာစီလိုနာမှာ အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း ရရှိနေမှုက မန်စီးတီးအတွက် အခက်အခဲမရှိလောက်ပါဘူး။
🇨🇵 ပီအက်စ်ဂျီ
ပီအက်စ်ဂျီကလည်း မန်စီးတီးလို ငွေကို ရေလိုသုံးနိုင်စွမ်းရှိတဲ့ ကလပ်ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူဖို့ ရည်မှန်းချက်ကြီးကြီးနဲ့လုပ်ဆောင်နေတဲ့ကလပ်လည်း ဖြစ်ပါတယ်။ သူတို့မှာ အကောင်းဆုံးနည်းပြစာရင်းဝင်တူချယ်ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ တကယ်လို့များ မက်ဆီသာ ပီအက်စ်ဂျီသို့ ရောက်လာမယ်ဆိုရင် အိပ်မက်တိုက်စစ်အတွဲကို မြင်တွေ့ရပါမယ်။ မက်ဆီ+ဘက်ပီ+နေမာ။ ဒီတိုက်စစ်အတွဲက တစ်ချိန်တုန်းက ဘာစီလိုနာရဲ့အကောင်းဆုံးတိုက်စစ်ဖြစ်ခဲ့တဲ့ မက်ဆီ+ဆွာရက်ဇ်+နေမာ အတွဲလိုဘဲ ကြောက်စရာအလွန်ကောင်းလာဖို့သေချာနေပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီမှာ ကစားရတာက မက်ဆီအတွက် ရင်ခုန်မှုတော့ လျှော့ကျသွားစေမှာ သေချာပါတယ်။ ပြင်သစ်လီဂူး-၁ မှာ ကစားရတာက မက်ဆီအတွက် မက်မောလောက်စရာ မရှိပါဘူး။ ပြင်သစ်လီဂူး-၁ က မက်ဆီအတွက် ပျင်းစရာကောင်းနေဖို့ ရှိပါတယ်။ ဒါပေမယ့် မက်ဆီအနေဖြင့် လိုချင်တဲ့ ငွေလည်း ရမယ်၊ ပြည်တွင်းဖလားတွေလည်း ရယူနိုင်မယ်၊ အကောင်းဆုံးပုံစံ မပျောက်ခင် ထိပ်တန်းအဆင့်မှာ ကစားချင်သေးတယ်ဆိုသေး တယ်ဆိုရင်တော့ ပြင်သစ်က ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာဖို့ သေချာပါတယ်။
🇮🇹 အင်တာမီလန်
အင်တာမီလန်က ထိပ်သီးကလပ်တစ်ခု၊ ငွေအရင်းအမြစ်ရှိတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။ စီးရီးအေသို့ ပြောင်းရင် ယခင်ပြိုင်ဘက်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ထပ်မံ ပြိုင်ဆိုင်ခွင့်ရရှိပါမယ်။ တကယ်လို့များ မက်ဆီသာ အီတလီသို့ ပြောင်းရန် ပွဲကတော့ တော်တော်ကြည့်ကောင်းလာပါမယ်။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဂျူဗင်တပ်က စီးရီးအေ ဖလားကို ကိုးကြိမ်ဆက် ပြိုင်ဘက်ကင်း ဆွတ်ခူးထားနိုင်တယ်။ မက်ဆီသာ အင်တာမီလန်သို့ ရောက်လာရင် ဂျူဗင်တပ်ရဲ့တစ်ခေတ်ကို အဆုံးသတ်နိုင်ဖို့လည်း ရှိလာပါမယ်။
ဒါ့အပြင် အင်တာမီလန်ဟာ ၂၀၀၆ ခုနှစ်တုန်းက မက်ဆီကို စာချုပ်ပါအချက်အတိုင်း ယူရို ၁၃၂ သန်းပေးပြီး ခေါ်ယူဖို့ ဘာစီလိုနာနှင့် သဘောတူညီမှုရရှိခဲ့ဖူးတဲ့ကလပ်ပါ။ မက်ဆီက ဘာစီလိုနာမှာဘဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့လို့ အင်တာမှာ စောစောစီးစီး မတွေ့ရတာပါ။
အခုအချိန်က မက်ဆီအတွက် ပြိုင်ဘက်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တစ်ကျော့ပြန် ယှဉ်ပြိုင်ရမယ့် အချိန်သံသရာ တစ်ပတ်လည်လာမှုလည်း ဖြစ်လာနိုင်ပါတယ်။
🇮🇹 ဂျူဗင်တပ်
မက်ဆီ+ ခရစ္စတီယာရော်နယ်ဒို။ ဒါက လူတိုင်းအိပ်မက်ထဲက တိုက်စစ်အတွဲပါ။ ဂျူဗင်တပ်ကလည်း မက်ဆီရဲ့အပြောင်းအရွှေ့ကို စောင့်ကြည့်နေတဲ့ ကလပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အနေနဲ့ မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့လို လုပ်ခအင်မတန်များပြားတဲ့ ကစားသမားနှစ်ဦးကို တစ်သင်းတည်းမှာ ထားနိုင်ဖို့ ငွေကြေး အင်အားအပြည့်ရှိပါ့မလား မေးခွန်းထုတ်စရာပါ။ မက်ဆီ ရောက်လာရင် ခရစ္စတီယာနိုရော်နယ်ဒို ထွက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ ကစားသမားလုပ်ခ ဟန်ချက်ကိုတော့ ထိန်းချုပ်ရပါမယ်။ တကယ်လို့များ ရော်နယ်ဒိုအထွက် မက်ဆီအဝင်ဆိုရင်လည်း ဂျူဗင်တပ်အတွက် အထူးစပါယ်ရှယ်အစားထိုးမှု လာပါမယ်။
🇦🇷 နယူးအိုးဘွိုင်း
မက်ဆီအတွက် ဘောလုံးပြိုင်ဆိုင်မှု၊ ငွေကြေးတို့ကို မကြည့်ဘဲ ပုဂ္ဂိုလ်ရေးသက်သက်အတွက် ဆိုရင် ရွေးချယ်နိုင်လာတဲ့ ကလပ်က အာဂျင်တီးနားကလပ် နယူးအိုးဘွိုင်းဖြစ်ပါတယ်။ မက်ဆီဟာ နယူးအိုးဘွိုင်းခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်မှာကတည်းက ဘာစီလိုနာသို့ ပြောင်းခဲ့တာပါ။ ကစားသမားဘဝမကုန်ဆုံးခင် နယူးအိုးဘွိုင်းမှာ ကစားမယ်လို့ မကြာခဏလည်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။
တကယ်လို့များ မက်ဆီရဲ့ နယူးအိုးဘွိုင်းအပြောင်းအရွှေ့သာ ဖြစ်လာမယ်ဆိုရင် ၁၉၉၃ ခုနှစ်က အအောင်မြင်ဆုံးအချိန်မှာ မာရာဒိုနာ အာဂျင်တီးနားသို့ ပြန်လာသလိုမျိုး ရင်ခုန်စရာ၊ ကြည်နူးစရာ အိပ်မက် အိမ်ပြန်လမ်းဖြစ်လာမှာ သေချာနေပါတယ်။
🏴 မန်ယူ
ဆန်ချိုကို ပေါင်သန်းတစ်ရာကျော်သုံးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ယူဟာ မက်ဆီလို ကစားသမားမျိုးကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ဘဏ်တိုက်ဖွင့်ဖို့ အသင့်ဖြစ်နေမှာ သေချာနေပါတယ်။
မန်ယူက ပြန်လည်တည်ဆောက်နေဆဲ ကလပ်တစ်ခု ဖြစ်ပြီး လူငယ်ပါရမီရှင်အများစုရှိနေတဲ့က လပ်ဖြစ်ပါတယ်။ မက်ဆီသာ ရောက်လာမယ်ဆိုရင် မန်ယူလူငယ်ပါရမီရှင်ကစားသမားများရဲ့ အရည်အသွေး ပိုမိုတောက်ပလာဖို့ ရှိနေသလို မန်ယူရဲ့ တစ်ခေတ်ပြန်ရောက်လာရေး လမ်းစ တော်တော်လမ်းပွင့်သွားဖို့ သေချာနေပါတယ်။ အခြားတစ်ဖက်မှာ မန်ယူက မန်စီးတီး၊ လီဗာပူးပြီးရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခြေ တတိယအရှိဆုံးကလပ်မျှသာဖြစ်လို့ မက်ဆီအနေနဲ့ ဆရာဟောင်းရှိတဲ့ မန်စီးတီးကို ကျော်ပြီး မန်ယူကို ရွေးချယ်လာဖို့ကတော့ ခက်ခဲနေပါတယ်။