
ဘာစီလိုနာနှင့်အတူ မက်ဆီ လေ့ကျင့်ခန်း စဆင်း
အသင်းပြောင်းခွင့်ပေးရန် တောင်းဆိုပြီးနောက် ဘာစီလိုနာအသင်းနှင့် ဆက်ဆံရေးအေးစက်ခဲ့သော အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ယနေ့ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်သို့ ရောက်ရှိလာကာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်ဟု ဘာစီလိုနာအသင်းက အတည်ပြုသည်။
အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ၂၀၀၄ ခုနှစ်မှစကာ ဘာစီလိုနာအသင်းကြီးတွင် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူထားသူဖြစ်သည်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရေးနိမ့်ကာ ၂၀၁၉-၂၀၂၀ ရာသီအား ဆုဖလားလက်မဲ့နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် စိတ်ပျက်ခဲ့သော မက်ဆီသည် အသင်းပြောင်းခွင့်ပေးရန် တောင်းဆိုရာမှတစ်ဆင့် ၎င်း၏ ငယ်ဘဝကလပ်နှင့် အချေအတင် ဖြစ်ခဲ့ရသည်။
တရားရုံးအထိ ရင်ဆိုင်ဖြေရှင်းရန် အကြောင်းဖန်လာသော်လည်း မက်ဆီက တရားတဘောင် မဖြစ်လိုသောကြောင့် ကျန်ရှိနေသည့် စာချုပ်အတိုင်း ယခုဘောလုံးရာသီကုန်အထိ ကစားရန်ဆုံးဖြတ်ခဲ့သည်။
စက်တင်ဘာ ၇ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင် ပြုလုပ်သော ဘာစီလိုနာအသင်း၏ ရာသီကြို လေ့ကျင့်ရေးအ စီအစဉ်သို့ မက်ဆီသည် မာစီဒီးစ်ကားကို ကိုယ်တိုင်မောင်းနှင်ကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယိုအန်ဂမ်ပါ လေ့ကျင့်ရေးကွင်းတွင် မက်ဆီသည် အသင်းဖော်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသော လူးဝစ်ဇ်ဆွာရက်ဇ်၊ ဘိုင်ယန်မြူးနစ်မှ အဌားပြန်ရောက်လာသော ကော်တင်ညို၊ နူးကမ့်မှ ထွက်မည်ဟု သတင်းထွက်နေသော ဗီဒယ်တို့လည်း လေ့ကျင့်ခဲ့သည်ကို တွေ့ရသည်။
မက်ဆီသည် နည်းပြသစ် ရော်နယ်ကိုးမန်း အပါအဝင် အသင်းသားများနှင့် စကားပြောဆိုခဲ့ပြီး လေ့ကျင့်မှုကို ပုံမှန်ပြုလုပ်ခဲ့သည်ဟု AS သတင်းစာက ဖော်ပြသည်။
ဘာစီလိုနာသည် ယခုရာသီ ပထမဆုံးပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ဂျင်နာစတစ်အသင်းနှင့် ခြေစမ်းပွဲ စဉ် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
Ref:AS