ဘာစီလိုနာနှင့်ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟို ကိုဗစ် ကူးစက်ခံထားရ

ဘာစီလိုနာနှင့်ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကြေညာလိုက်သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းတွင် ဘရာဇီးအတွက် ၉၇ ပွဲကစားပေးခဲ့သည့် ရော်နယ်ဒင်ဟိုသည် ကိုဗစ်ကူးစက်ခံထားရကြောင်းကို အင်စတာဂရမ်တွင် ဗီဒီယိုပို့စ်တစ်ခုတင်ကာ အတည်ပြုလာခြင်း ဖြစ်သည်။

အသက် ၄၀ နှစ်ရှိ ရော်နယ်ဒင်ဟိုသည် စနေနေ့မှ စတင်ကာ ဘီလိုဟိုရီဇွန်တီ၌ ကွာရန်တေးဝင်နေသည်။

ရော်နယ်ဒင်ဟိုက “ပွဲတစ်ပွဲတက်ဖို့ ရောက်လာခဲ့တာပါ။ ကိုဗစ်စစ်ဆေးကြည့်တဲ့အခါ ကူးစက်ခံထားရကြောင်း တွေ့ရပါတယ်။ အားလုံး ကောင်းမွန်ပါတယ်။ လက္ခဏာပြတာတစ်ချို့တော့ ရှိပါတယ်။ ဒါပေမယ့် နောက်ကျရင် ကျွန်တော်တို့ ဒါကို ထားခဲ့နိုင်ပါမယ်။ ကျွန်တော်တို့ အမြန်ဆုံး အတူ ရှိနေမှာပါ”ဟု အင်စတာဂရမ်မှ ပြောကြားသွားသည်။

ယခုနှစ်မှာ ရော်နယ်ဒင်ဟိုအတွက် ဆိုးရွားသည့် နှစ်တစ်နှစ် ဖြစ်သည်။ သူသည် မတ်လတုန်းက ပါရာဂွေးနိုင်ငံသို့ ပတ်စ်ပို့စ်အတုဖြင့် ဝင်ရောက်မှုကြောင့် ထောင်တွင် ၃၂ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသလို ဟိုတယ်အကျယ်ချုပ်လည်း နေခဲ့ရသည်။

ရော်နယ်ဒင်ဟိုသည် ဘရာဇီးဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်ပြီး ဘောလုံးကစားသမားဘဝကာလအတွင်း၌ ခြေစွမ်းကြောင့် စံနမူအယူခံရသည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

သူသည် ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ ကိုပါအမေရိကဖလား၊ တိုက်ကြီးများဖလား၊ အိုလံပစ်ကြေးတံဆိပ်ဆုတို့ ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ၂၀၀၅ ခုနှစ်တွင် Ballon d’Or ဆု ရရှိခဲ့သလို ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment