ဘာစီလိုနာနှင့်ပွဲတွင် ၄-၂-၄ ကစားကွက်ကို သုံးရန် ပီယာလိုကို ဒယ်ပီယာရို အကြံပေး

အလက်ဇန္ဒရိုဒယ်ပီယာရိုက ဂျူဗင်တပ်အနေဖြင့် ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၄-၂-၄ ကစားကွက်ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း အကြံပြု ပြောကြားလိုက်သည်။ ဂျူဗင်တပ်သည် ဗုဒ္ဓဟူးနေ့တွင် တူရင်၌ ဘာစီလိုနာကို ဧည့်ခံကစားရမည် ဖြစ်ပြီး အုပ်စု (ဆ) ဗိုလ်ဖြစ်ရေး အရေးပါသည့် ပွဲလည်း ဖြစ်သည်။

အီတလီထိပ်သီး ဂျူဗင်တပ်သည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဒိုင်နမိုကိဗ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသလို ဘာစီလိုနာသည်လည်း နျူးကမ့်၌ ဖီရန်ဗာရို့စ်ကို ၅-၀ ဖြင့် အနိုင်ရရှိထားသည်။

သို့ရာတွင် ဂျူဗင်တပ်သည် တနင်္ဂနွေနေ့တုန်းက ဗီရိုနာနှင့် တစ်ဂိုးစီသရေကျခဲ့သလို ဘာစီလိုနာသည်လည်း နျူးကမ့်၌ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဖြင့် ရှုံးနိမ့်ထားသည်။

ဒယ်ပီယာရိုက “ပီယာလိုဟာ အဖြေရှာနေပါတယ်။ ပြိုင်ဘက်အပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်သွားမှာပါ။ စနစ်ကိုလည်း သူ ပြောင်းလဲရပါမယ်။ ဂျူဗင်တပ်မှာ တောင်ပံကနေ ပြိုင်ဘက်ကို တစ်ဦးအနေနဲ့ရော ဖိကစားရာမှာပါ အရမ်းကောင်းတဲ့ ကူလူဆီစကီးနဲ့ ချီယေဆာတို့ ရှိပါတယ်။ ဗဟိုကွင်းလယ်ကစားသမားနှစ်ဦး သုံးလာနိုင်ပါတယ်။ ၄-၂-၄ နဲ့ကစားလာနိုင်ပါတယ်။ ကိုယ့်မှာ တိုက်စစ်အတွက် ရွေးချယ်စရာတွေ အရမ်းများနေရင် ၄-၂-၄ ကစားကွက်နဲ့ ကစားတာ အကောင်းဆုံးပါ။ ရှေ့တန်းမှာ တိုက်စစ်လေးဦးလည်း လွတ်လွတ်လပ်လပ်ကစားရပါမယ်”ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်တွင် ကိုဗစ်ကူးစက်ခံထားရသည့် ခရစ္စတီယာနိုရော်နယ်ဒိုမှာ ဘာစီလိုနာနှင့် ပွဲတွင် ပါဝင်ရန် မသေချာသေးချေ။

ဒယ်ပီယာရိုက ပီယာလိုအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုအပေါ် မှီခိုရန် မလိုဘဲ ပေါ်လိုဒိုင်ဘာလာနှင့် အယ်ဗာရိုမိုရာတာတို့ကို တွဲကစားနိုင်ကြောင်း ပြောကြားလိုက်သည်။

၎င်းက “ကူလူဆီစကီးကို ညာခြမ်း၊ ချီယေးဆာကို ဘယ်ခြမ်း၊ ဗဟိုတိုက်စစ်မှာ ဒိုင်ဘာလာ-ရော်နယ်ဒို၊ ဒိုင်ဘာလာ-မိုရာတာပွဲထုတ်ရပါမယ်။ ဥရောပမှာဆိုရင် ဒီလိုဘဲ ပွဲထွက်ရပါမယ်။ ဥရောပမှာဆို ဒီလိုဘဲ ပွဲထုတ်ရပါမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment