ဘာစီလိုနာတွင် မက်ဆီ ဆက်ရှိနေပါက လှောင်ပြောင်မှု မခံရရန် ရီဗယ်ဒို မျှော်လင့်

ဘရာဇီးနှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းရီဗယ်ဒိုက လီယွန်နယ်မက်ဆီမှာ ဘာစီလိုနာတွင် ဆက်ရှိနေပါကလည်း ပရိသတ်များ၏လှောင်ပြောင်ခြင်းခံရရန် မရှိဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

Ballon d’Or ဆုကို ခြောက်ကြိမ်ဆွတ်ခူးထားနိုင်သည့် မက်ဆီသည် ပြီးခဲ့သည့်အပတ်က စာချုပ်ပါအချက်မှာအကျုံးဝင်သေးသည်ဟု ယူဆကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နျူးကမ့်မှ ထွက်ခွာခွင့်ရရှိရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် မက်ဆီ၏စာချုပ်ပါအချက်မှာ ဇွန်လ ၁၀ ရက်နေ့တွင် ကုန်ဆုံးသွားပြီဖြစ်ရာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်မည်မဟုတ်ဘဲ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ ပေးနိုင်မည့်ကလပ်ရှိမှသာလျှင် ထွက်ခွာနိုင်ပါမည်။

မက်ဆီ၏ဖခင်နှင့်အေးဂျင့်ဖြစ်သူဂျော့သည် ဗုဒ္ဓဟူးနေ့တုန်းက ဘာစီလိုနာသို့ ရောက်လာကာ ဘာစီလိုနာဥက္ကဌနှင့်ဆွေးနွေးမှုပြုလုပ်ရာတွင်လည်း မက်ဆီအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်မည့်အလားအလာမရှိဘဲ ယူရိုသန်း ၇၀၀ ပေးရမည့်အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် မက်ဆီ၏ဖခင်ဖြစ်သူဂျော့ကိုယ်တိုင်ကမက်ဆီမှာဘာစီလိုနာတွင်ပင် ဆက်ရှိနိုင်ကြောင်းဖွင့်ဟပြောကြားထားသည်။

ယခုအခါ ရီဗယ်ဒိုက “လီယွန်နယ်မက်ဆီနဲ့ဘာစီလိုနာအကြားဆွေးနွေးမှုက ဆက်လုပ်နေတုန်းပါ။ သူ့အနာဂတ်နဲ့ပတ်သက်ပြီး သဘောတူညီမှုရဖို့ ကလပ်နဲ့ကစားသမားတို့ သဘောတူညီမှုရဖို့ ကြိုးစားနေကြပါတယ်။ တကယ်လို့ မက်ဆီအနေနဲ့ကလပ်မှာ နောက်ထပ်တစ်နှစ်ထပ်နေရင်လည်း ဘာပြဿနာမှ မရှိပါဘူး။ ဘာစီလိုနာပရိသတ်တွေက သူ့ကို ချစ်နေတုန်းပါ။ ကလပ်အတွက် ဘာတွေ လုပ်ပေးထားတဲ့ ဂန္ထဝင်တစ်ဦးဆိုတာသိထားပြီးဖြစ်သလို ကလပ်ကို ပြောင်းလဲအောင်လုပ်နိုင်တုန်းဆိုတာလည်း ဆိုတာလည်း သိထားပြီး ဖြစ်ပါတယ်။ ဒီတော့ အားလုံး ငြိမ်းချမ်းစွာပြီးဆုံးနိုင်တဲ့အခွင့်အရေးရှိနေတုန်းပါ။ လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ဖြစ်လာနိုင်ပါတယ်။ သူ ထွက်ခွာနိုင်သလို၊ တစ်ရာသီသို့မဟုတ်သက်တမ်းတိုးပြီးအများကြီးဆက်နေနိုင်ပါတယ်။ တကယ်လို့ သူ ဆက်ရှိနေမယ်ဆိုရင်လည်း နျူးကမ့်မှာ သူ့ကို ပရိသတ်တွေက လှောင်မှာ မဟုတ်ပါဘူး။ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment