ဘာစီလိုနာတွင် မကစားချင်သူ ရှိသလားဟု ဒီပေး မေးခွန်းထုတ်

လိုင်ယွန်နှင့် နယ်သာလန်တောင်ပံတိုက်စစ်သမားဒီပေးက ဘာစီလိုနာသို့ ပြောင်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်ရန် ခက်ခဲကြောင်း ပြောကြားလိုက်သည်။ အသက် ၂၆ နှစ်ရှိ ဒီပေးသည် ၂၀၁၇ ခုနှစ်တုန်းက လိုင်ယွန်သို့ ရောက်လာပြီးနောက် ခြေစွမ်းပြလာခဲ့သူ ဖြစ်သည်။

သူသည် လိုင်ယွန်၌ ပထမဆုံး ရာသီပြည့်ကစားသည့် ရာသီ၌ ၁၉ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီတုန်းကလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ရောက်ရှိအောင် ၈ ပွဲတွင် ၆ ဂိုးသွင်းယူကာ ကူညီခဲ့သည်။

ဘာစီလိုနာသည် နွေရာသီတွင် ဒီပေးကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ငွေကြေး အခြေအနေ ကြောင့် မအောင်မြင်ခဲ့ချေ။ သို့ရာတွင် ဘာစီလိုနာသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ဒီပေးကို ခေါ်ယူရေး ထပ်မံ ကြိုးပမ်းလာဖွယ် ရှိနေသည်။ သို့ရာတွင် လိုင်ယွန်သည် ယခုရာသီ အကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒီပေးကို ဇန်နဝါရီတွင် ရောင်းချရန် ဆန္ဒမရှိဘဲ ရာသီအကုန်တွင်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုနေသည်။

ဒီပေးက “ဘာကာရဲ့အနေအထားနဲ့ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ကလည်း ဖွင့်မနေပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ဒါနဲ့ပတ်သက်ပြီး မရှိပါဘူး။ ကျွန်တော့်ဘက်က အကောင်းဆုံးပေးဆပ်နေပါတယ်။ ကစားသမားကောင်းတစ် ယောက်ဖြစ်ဖို့ အကောင်းဆုံးကစားနေပါတယ်။ ကောလာဟလတွေကတော့ အများကြီးပါ။ ဘာစီလိုနာမှာ မကစားချင်တဲ့သူရှိလား။ သူတို့က ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုပါ။ လူတိုင်း အဲဒီမှာ သွားကစားချင်ပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မတွေးပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment