ဘာစီလိုနာတွင် ကိုယ်ပိုင်အမှတ်လက္ခဏာ ပျောက်ဆုံးနေဟု အဲလ်ဗက်စ် ဝေဖန်

ဆော်ပေါ်လို ညာနောက်ခံလူ ဒါနီအဲလ်ဗက်စ်က သူ၏အသင်းဟောင်း ဘာစီလိုနာသည် လတ်တလော အခြေအနေများကြောင့် ကိုယ်ပိုင်အမှတ်လက္ခဏာ ပျောက်ဆုံးနေပြီဖြစ်ကြောင်း ဝေဖန်လိုက်သည်။

အသက် ၃၇ နှစ်အရွယ် အဲလ်ဗက်စ်သည် ၂၀၀၈ မှ ၂၀၁၆ အထိ ဘာစီလိုနာ တွင် ၈ နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၉၁ ပွဲ၌ ၂၁ ဂိုးသွင်းကာ လာလီဂါ ၆ ကြိမ်၊ စပိန် ဘုရင့်ဖလား နှင့် စပိန်စူပါဖလား ၄ ကြိမ်စီ၊ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနှင့် ဖီဖာ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်စီ ရယူနိုင်ခဲ့သည်။

ဘာစီလိုနာမှ ထွက်ခွာပြီးနောက် ၎င်းသည် ဂျူဗင်တပ်စ်နှင့် ပီအက်စ်ဂျီတို့ တွင် ကစားကာ ၂၀၁၉ ခုနှစ်မှစ၍ ဆော်ပေါ်လို၌ ကစားနေခြင်း ဖြစ်သည်။

ဘရာဇီးလ် အသင်းအတွက် ၁၁၈ ပွဲတွင် ၈ ဂိုးသွင်းထားသော အဲလ်ဗက်စ်က ဘာစီလိုနာသည် အသင်းအပေါ် သစ္စာရှိရှိ ကစားလာသူများ အသက်အ ရွယ် ထောက်လာပါက လေးစားသမှု မရှိဘဲ ကန်ထုတ်ပစ်တတ်သည့် အသင်းဟု ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားမှာ အဖိုးထိုက်တန်တဲ့ ဘောလုံးသမားတွေ အများကြီးရှိမယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ခင်ဗျားရဲ့အတွေးအခေါ်ကို ကာကွယ်နိုင်မှ မဟုတ်ပါဘူး။ ဘာစီလိုနာက သူတို့ရဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ ကြိုးစားနေတယ်။

သူတို့မှာ ပြသနာတွေ အများကြီးရှိနေတယ်ဆိုတာက ပုံမှန်ပဲ။ ကျွန်တော့်အတွက်ဆိုရင်တော့ ဘာစီလိုနာက သူတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာတွေ ပျောက်ဆုံးနေတဲ့ အသင်းပဲ။ အရင်လို ပြန်ဖြစ်လာဖို့ သူတို့ ခက်ခက်ခဲခဲ ဖြတ်သန်းရတော့မယ်။

ကျွန်တော့် ဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာ နေခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို မလေးစားဘူး။ နောက်ဖေးပေါက်ကနေ ကန်ထုတ်ချင်ခဲ့တယ်။ တကယ်လို့ သူတို့ကသာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် ကျွန်တော် ဘာစီလိုနာမှာ ရှိနေဦးမှာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ငွေအမြောက်အများနဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ငြင်းခဲ့ တယ်။ နူးကမ့်ကိုပဲ သွားခဲ့တယ်။ ကျွန်တော့်ကို ဒီလို ထုတ်ပစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကိုယ် မကစားချင်တော့မှ ဒီအသင်းက ထွက်ချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ကန်ထုတ်ချင်ခဲ့တယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ်” ဟု အဲလ်ဗက်စ်က ဆိုသည်။

Ref:football-espana

Facebook Comments Box
Facebook Comment