
ဘာစီလိုနာကစားသမားသစ်မီယာလမ်ပီယာနစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ
ဘာစီလိုနာက အသစ်ခေါ်ယူထားသည့် အလယ်တန်းကစားသမားမီရာလမ်ပီယာနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားရကြောင်း အတည်ပြုထုတ်ပြန်လိုက်သည်။
ဘော့စနီးယားအလယ်တန်းကစားသမားသည် ပြီးခဲ့သည့်ဇွန်လကတည်းက ဂျူဗင်တပ်မှ ဘာစီလိုနာသို့ ယူရို ၆၅ သန်း(အပိုဆုကြေးအပါအဝင်)ဖြင့် ပြောင်းလာခဲ့သူဖြစ်သည်။
ဘာစီလိုနာသည် အလယ်တန်းကစားသမားအာသာကို ဂျူဗင်တပ်သို့ ယူရို ၇၂ သန်း (အပိုဆုကြေးယူရို ၁၀ သန်းထပ်ပေးနိုင်ရ)ဖြင့် ရောင်းချကာ ပီယာနစ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
ချန်ပီယံလိဂ်မှ ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ ထွက်ခွာရမှုနှင့်အတူ ကစားသမားနှစ်ဦးတို့မှာ သက်ဆိုင်ရာကလပ်သစ်သို့အသီးသီးပြောင်းခွင့်ရှိနေပြီဖြစ်သော်လည်း ပီယာနစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဘာစီလိုနာသို့ ခရီးသွားနိုင်ခြင်းမရှိသေးချေ။
ဘာစီလိုနာ၏ထုတ်ပြန်ချက်အရ မီရာလမ်ပီယာနစ်သည် ကိုယ်လက်မအီမသာဖြစ်ပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့ စနေနေ့တွင် စစ်ဆေးမှုခံယူခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နေအိမ်တွင် သီးသန့်နေထိုင်လျက်ရှိကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်သွားသည်။ ထို့ကြောင့် မီရာလမ်ပီယာနစ်သည် ဘာစီလိုနာသို့ လာမည့် ၁၅ ရက်အတွင်းတွင် လာရောက်နိုင်မှာမဟုတ်ချေ။
အသက် ၃၀ နှစ်ရှိပီယာနစ်သည် ၂၀၁၆ ခုနှစ်တွင် ရိုးမားမှ ဂျူဗင်တပ်သို့ ပြောင်းပြီးနောက် ဂျူဗင်တပ်နှင့်အတူ စကူဒက်တိုဖလား လေးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ကိုပါအီတာလီယာဖလားနှစ်ကြိမ်၊ စူပါကိုပါအီတာလီယာဖလားတစ်ကြိမ်တို့ အသီးသီးဆွတ်ခူးနိုင်ခဲ့သလို စီးရီးအေ အကောင်းဆုံးအသင်းတွင်လည်း လေးကြိမ်ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် ဂျူဗင်တပ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၇၈ ပွဲ ကစားပေးခဲ့ကာ ၂၂ ဂိုးသွင်းယူပေးခဲ့သည်။
Ref: Barcelona