ဘာကာရောက် ပထမဆုံး ယန်းကီးကစားသမားဖြစ်လာတဲ့ ဆာဂျီနိုဒက်စ်

ဘာစီလိုနာအသင်းသည် အေဂျက်စ်မှ အမေရိကန် ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီး အသက် ၁၉ နှစ်အရွယ် ၎င်းသည် ဘာစီလိုနာ သမိုင်းတစ်လျှောက် ပထမဆုံးသော ယန်းကီးကစားသမား ဖြစ်လာသည်။

ဘာစီလိုနာသည် ဒက်စ်အတွက် ကနဦး ယူရို သန်း ၂၀ ပေးချေခဲ့ရပြီး ခြေစွမ်းနှင့် ပွဲက စားခွင့်အပေါ် မူတည်၍ နောက်ထပ် ယူရို ၅ သန်း ထပ်မံပေးချေရမည်ဖြစ်ရာ ၎င်းအတွက် ယူရို ၂၅ သန်းအထိ ကုန်ကျခံရဖွယ် ရှိနေသည်။

အိန္ဒိယတွင် ကျင်းပသည့် ၂၀၁၇ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖီးလ်ဖိုဒန်၊ ဖာရန်တောရက်စ်၊ အဲရစ်ဂါစီယာ၊ ဟွမ်မီရန်ဒါတို့နှင့်အတူ ထင်ရှားသော ကစားသမားအဖြစ် သတ်မှတ်ခံထားရသော ဒက်စ်သည် အေဂျက်စ်အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစားကာ ၂ ဂိုးသွင်းယူထားသည်။

ဘယ်နောက်ခံလူ နေရာတွင်ပါ ကစားနိုင်သော ဒက်စ်သည် နောက်တန်းကစားသမား ဖြစ်သော်လည်း အေဂျက်စ်တွင် ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်သောကြောင့် ဘိုင်ယန်မြူးနစ်က ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။

သို့သော်လည်း အမေရိကန်ဖခင်၊ ဒတ်ချ်မိခင်တို့မှ မွေးဖွားလာသော ဒက်စ်က နူးကမ့် အခြေစိုက်ကလပ်ကိုသာ ရွေးချယ်ခဲ့ပြီး လွန်ခဲ့သည့် နာရီပိုင်းအတွင်း ဆေးစစ်မှုအောင်မြင်ခဲ့သည်။

၎င်းသည် ဘာစီလိုနာတွင် ကျောနံပါတ် ၂ ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး သောကြာနေ့တွင် မိတ်ဆက်ပွဲပြုလုပ်ကာ တရားဝင် စာချုပ်ချုပ်ဆို သွားမည်ဖြစ်သည်။

ဘာစီလိုနာသည် အမေရိကန် လက်ရွေးစင် အသင်းအတွက် ၃ ပွဲကစားထားသော ဒက်စ်၏ စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၄၀၀ အထိ သတ်မှတ်ထားသည်။

Ref:ESPN

Facebook Comments Box
Facebook Comment