ဘာကာနှင့် ပြိုင်ဘက်အဖြစ် ရင်ဆိုင်လို၍ တီကိုသို့ ပြောင်းခဲ့ဟု ဆွာရက်ဇ် ဖွင့်ဟ

ဘာစီလိုနာအသင်း၏ လာလီဂါပြိုင်ဘက် အက်သလက်တီကိုသို့ ပြောင်းရွှေ့တော့မည့် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် နူးကမ့်ကွင်းအတွင်း ပြုလုပ်သည့် နှုတ်ဆက်ပွဲ အခမ်းအနားတွင် မျက်ရည်များဖြင့် နှုတ်ဆက်ခဲ့ပြီး နည်းပြက အလိုမရှိတော့၍ အသင်းပြောင်းခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် ၂၀၁၄ တွင် လီဗာပူးလ်မှ ပေါင် ၆၄ သန်းကျော် ဖြင့် ရောက်ရှိလာပြီးနောက် ၆ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၈၃ ပွဲတွင် ၁၉၈ ဂိုးသွင်းကာ ဘာစီလိုနာအသင်း၏ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။

လာလီဂါနှင့် စပိန်ဘုရင့်ဖလား ၄ ကြိမ်စီ၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖ လား၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလားတို့ကို ၁ ကြိမ်စီ ရရှိထားသော ဆွာရက်ဇ်ကို ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက အလိုမရှိတော့ဟု အသိပေးခဲ့သောကြောင့် နူးကမ့်ကို စွန့်ခွာခဲ့ခြင်းဟု ၎င်းက ဆိုသည်။

အက်သလက်တီကိုသည် ဆွာရက်ဇ်အတွက် ပေါင် ၅ ဒသမ ၅ သန်း ကုန်ကျခဲ့ပြီး ဘာစီလိုနာကပ္ပတိန် မက်ဆီက အရင်းနှီးဆုံးသူငယ်ချင်း ဆွာရက်ဇ်နှင့် ခွဲခွာရတော့မည်ဖြစ်၍ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဥရုဂွေးတိုက်စစ်မှူးက ပြောသည်။

“ကလပ်က ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေသလို နည်းပြကလည်း ကျွန်တော့်ကို အလိုမရှိတော့ပါဘူး။ ဒါကြောင့် အမြင့်ဆုံး အဆင့်တစ်ခုမှာ ရှိနေသေးတယ်ဆိုတာကို သက်သေပြချင်သေးတယ်။ စိတ်လှုပ်ရှားစရာ အများကြီးနဲ့ ကျွန်တော် အက်သလက်တီကို ကို ပြောင်းခဲ့တာပါ။ ဘာစီလိုနာနဲ့ တွေ့ရင် ဘယ်လိုကစားမလဲဆိုတာ မစဉ်းစားရသေးပါဘူး။ အစာတော့ မကြေသေးဘူး” ဟု ဆွာရက်ဇ်က ပြောသည်။

“ကျွန်တော် ဘာတွေးနေတယ်ဆိုတာ မက်ဆီက သိသလို သူ ဘာတွေးနေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ သူ နည်းနည်းတော့ ကြောင်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘာကာရဲ့တကယ့်ပြိုင်ဘက်ကလပ်ကို ပြောင်းမှာမို့လို့လေ။ ဒါပေမဲ့ ကျွန်တော်တို့နှစ် ယောက်ရဲ့ဆက်ဆံရေးကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အက်သလက်တီကိုသို့ ပြောင်းခဲ့ခြင်းမှာ စပိန်ပြည်တွင်း ဆုဖလားများအတွက် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကို စိန်ခေါ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်ကြောင်းလည်း ဆွာရက်ဇ်က ပြောသည်။

အက်သလက်တီကိုသည် နိုဝင်ဘာ ၂၂ ရက်တွင် ဘာစီလိုနာကို ဧည့်ခံကစားရမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်တွင်မူ နူးကမ့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment