ဘာကာနှင့် စာချုပ်ဖျက်သိမ်းလိုက်သော ဆွာရက်ဇ်ကို တီကို ခေါ်ယူမည်

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် ၂၀၁၄ တွင် လီဗာပူးလ်မှ ရောက်ရှိလာပြီးနောက် ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၂၈၃ ပွဲတွင် ၁၉၈ ဂိုးသွင်းကာ မက်ဆီ၊ ဆီဇာတို့ပြီးလျှင် နူးကမ့်အခြေစိုက်ကလပ်၏ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းသည် အသင်းသို့ ရောက်ရှိလာပြီးနောက် ဆွာ ရက်ဇ်ကို အလိုမရှိဟုဆိုကာ အသင်းပြောင်းရွှေ့ခွင့် ပြုထားသော်လည်း ၎င်း၏စာချုပ်က ယခုဘောလုံးရာသီအထိ ကျန်နေသေးသည်။

ဆွာရက်ဇ်သည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သော်လည်း တူရင်အခြေစိုက်ကလပ်က ခေါ်ယူတော့မည်မဟုတ်၍ အောက်တိုဘာ ၅ ရက် ပိတ်သိမ်းမည့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းပြောင်းခွင့်ရရန် ကြိုးစားနေသည်။

ထို့ကြောင့် ယခုဘောလုံးရာသီကုန်အထိ ကျန်နေသေးသည့် စာချုပ်အတွက် ဆွာရက်ဇ်က ၎င်းရရှိမည့် လစာငွေကို ပြန်အမ်းကာ ဘာစီလိုနာနှင့် စာချုပ်ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ဘာစီလိုနာ၏ လာလီဂါပြိုင်ဘက် အက်သလက်တီကိုက ဆွာရက်ဇ်ကိုခေါ်ရန် ကမ်းလှမ်းလိုက်ပြီး သဘောတူညီမှု ရရှိတော့မည်ဟု စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

Ref:MundoDeportivo

Facebook Comments Box
Facebook Comment