ဘာကာနည်းပြသစ်ကိုးမန်း၏စီမံကိန်းတွင် အဓိကဒေါက်တိုင်အဖြစ် ပါဝင်နေသည့် မက်ဆီ

ဘာစီလိုနာဥက္ကဌဘာတိုမြူက လီယွန်နယ်မက်ဆီမှာ ဘာစီလိုနာတွင်ပင် ကစားသမားဘဝအဆုံးသတ်လိုနေကြောင်း ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် ဘာစီလိုနာသည် နည်းပြဆီတိန်းနှင့် အားကစားဒါရိုက်တာအဘီဒယ်တို့အား ထုတ်ပယ်ကာ အပြောင်းအလဲများ ပြုလုပ်ထားသည်။ ဘာစီလိုနာသည် နယ်သာလန်နည်းပြကိုးမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားမည်ဖြစ်သည်။

ဘာစီလိုနာသည် ကိုးမန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး မကြာမီကာလအတွင်းတွင် နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာသွားရန် ရှိသည်။ မက်ဆီသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း သတင်းထွက်ပေါ်လျက်ရှိနေသည်။ သို့ရာတွင် ဘာတိုမြူကမူ အာဂျင်တီးနားအသင်းခေါင်းဆောင်မှာ နျူးကမ့်တွင်ပင် ဆက်ကစားလိုနေကြောင်း ပြောကြားလာပါတယ်။

ဘာတိုမြူက “ မက်ဆီက ဘာစီလိုနာမှာဘဲ ကစားသမားဘဝကုန်ဆုံးချင်ပါတယ်။ သူဟာ ဒါကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရော်နယ်ကိုးမန်းနဲ့လည်း ကျွန်တော် စကားပြောပြီးပါပြီ။ သူက သူ့စီမံကိန်းမှ မက်ဆီက အဓိကဒေါက်တိုင်အနေနဲ့ ပါဝင်ကြောင်း ပြောကြားထားပါတယ်”ဟု ပြောကြားသွားသည်။ ဆက်လက်ပြီး ဘာစီလိုနာဥက္ကဌဘာတိုမြူက နည်းပြသစ်ဖြစ်လာမည့်ကိုးမန်းနှင့် ဆွေးနွေးမှု ပြုလုပ်ကာ အင်တာမီလန်တိုက်စစ်မှူးလူသာရိုမာတီနက်ဇ်အား ခေါ်ယူရေး ဆက်လက်ကြိုးပမ်း/မပမ်းကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။ ဘာစီလိုနာသည် ယခုနွေရာသီ အပြောင်းအရွှေ့အစောပိုင်းတုန်းက အင်တာမှ အာဂျင်တီးနား တိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေ မကောင်းမွန်မှုကြောင့် နောက်ဆုတ်ခဲ့ရသည်။ ယခုအခါ ဘာတိုမြူက “ အင်တာနဲ့ဆွေးနွေးပြီးမှ ရပ်ဆိုင်းလိုက်တာပါ။ ပြိုင်ပွဲကပြန်စလာတော့ ဆွေးနွေးမှုလည်း ရပ်လိုက်တယ်။ နည်းပြသစ်နဲ့စကားပြောပြီး အနာဂတ်အတွက် သူ့အစီအစဉ်ကို သိအောင် လုပ်ရပါဦးမယ်”ဟု ပြောကြားသွားသည်။

Ref: Baca TV

Facebook Comments Box
Facebook Comment