ဘာကာတွင် မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် အခင်ဆုံး သူငယ်ချင်း မဖြစ်ခဲ့ကြောင်း ရာကီတစ် ဖွင့်ဟ

အိုင်ဗန်ရာကီတစ်က နျူးကမ့်တွင် ကစားသည့် ကာလအတွင်း၌ လီယွန်နယ်မက်ဆီ (သို့မဟုတ်) လူးဝစ်ဆွာရက်ဇ်တို့နှင့် အခင်ဆုံး သူငယ်ချင်း မဖြစ်ခဲ့ကြောင်း ဝန်ခံ ပြောကြားလာသည်။

ခရိုအေးရှားလက်ရွေးစင်သည် ဘာစီလိုနာတွင် ခြောက်ရာသီ ကစားပြီးနောက် ယခု နွေရာသီတွင် ကလပ်ဟောင်း ဆီဗီလာသို့ ပြောင်းရွှေ့ကြေး ယူရို ၁.၅ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်သည်။

ရာကီတစ်က “ကိုယ့်ဘက်အမြင်နဲ့ ပြောတာပါ။ သူတို့နဲ့ကျွန်တော့် ဆက်ဆံရေးက အနီးကပ်ဆုံး သူငယ်ချင်းတွေ မဖြစ်ခဲ့ပါဘူး။ ကစားသမား ၂၃ ဦး၊ ၂၄ ဦးလောက်ရှိတော့ လူတိုင်းနဲ့ နီးနီးကပ်ကပ် အရမ်းခင်မင်တာမျိုး ဖြစ်ဖို့ ခက်ပါတယ်။ ကျွန်တော့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေက အင်ဒရေအင်နီယေစတာ၊ တာစတီဂန်၊ ဘိုတန်း၊ ဂျူနီယာဖာပိုတို့ပါ။ ဒါပေမယ့် သူတို့နှစ်ဦးလုံးကို(မက်ဆီနှင့်ဆွာရက်ဇ်)လေးစားပါတယ်။ သူတို့ဟာကျွန်တော့်ရဲ့ ကစားဖော်အဖြစ် ခြောက်နှစ်ရှိခဲ့ကြပါတယ်။ သူတို့က အရမ်းအရေးပါတဲ့သူတွေ လည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပိတ်ချထားတဲ့ကာလအတွင်းမှာ ကျွန်တော်တို့အားလုံး နီးနီးကပ်ကပ် ရှိခဲ့ကြတယ်။ အိမ်နီးချင်းတွေလည်း ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်အပေါ် သူတို့ရဲ့ ဆက်ဆံမှုတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်”ဟု ပြောကြားသွားသည်။

ရာကီတစ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆီဗီလာတွင် ကစားပြီးနောက် ဘာစီလိုနာသို့ ပြောင်းခဲ့သူ ဖြစ်သည်။

ထို့အပြင် ရာကီတစ်က ခရိုအေးရှားလက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုက်ပြီ ဖြစ်ကြောင်းလည်း ကြေညာသွားသည်။ ရာကီတစ်သည် ခရိုအေးရှားလက်ရွေးစင်အတွက် ၁၀၆ ပွဲကစားကာ ၁၅ ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ရောက်ခဲ့သူ ဖြစ်သည်။

ဆီဗီလာသည် ၂၀၂၀-၂၁ ရာသီအဖွင့်ပွဲစဉ်အဖြစ် လာမည့် ကြာသပတေးနေ့တွင် ဥရောပစူပါဖလားပွဲအဖြစ် ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲအပြီးတွင် ၎င်းတို့သည် စက်တင်ဘာလ ၂၈ ရက်နေ့၌ ကာဒစ်ဇ်နှင့် ရင်ဆိုင် ကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment