ဘာကာက စိတ်ဝင်စားနေသည်ကို သိသော်လည်း လတ်တလော ဘာမှမပြောနိုင်သေးဟု ဒီပိုင်း ဖွင့်ဟ

လိုင်ယွန် တောင်ပံကစားသမား မန်းဖစ်ဒီပိုင်းက ၎င်းအား လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသည်ဆိုသည့် သတင်းများအား သိရှိထားသော်လည်း လတ်တလောတွင် မည်သည့်မှတ်ချက်မှ မပေးလိုသေးကြောင်း ပြောကြားလိုက်သည်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းသည် နယ်သာလန်အသင်းတွင် အတူလက်တွဲဖူးသည့် ဒီပိုင်း၏ အရည်အသွေးကို နှစ်သက်လျက်ရှိပြီး ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့တော့မည့် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ နေရာတွင် အစားထိုးရန် ပြင်ဆင်နေသည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။

ပီအက်စ်ဗွီနှင့် မန်ယူကစားသမားဟောင်း ဒီပိုင်းသည် တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်စွမ်းရှိပြီး ၂၀၁၇ ဇန်နဝါရီတွင် လိုင်ယွန်သို့ ပေါင် ၂၂ သန်းဖြင့် ပြောင်းရွှေ့ကာ ပြင်သစ်လီဂူးတွင် ခြေစွမ်းပြကစားနေသည်။

အသက် ၂၆ နှစ်အရွယ် ၎င်းသည် လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၁၃၉ ပွဲတွင် ၅၇ ဂိုးသွင်းထားပြီး ဒီဂျွန်အား ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယခုရာသီ ပြင်သစ်လီဂူး အဖွင့်ပွဲစဉ်တွင်လည်း ဟက်ထရစ် သွင်းယူထားသည်။

ရော်နယ်ကိုးမန်းသည် ဘာစီလိုနာအသင်း၏ တိုက်စစ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်စီစဉ်ထားပြီး မက်ဆီနှင့်အတူ အထိုင်ချကစားနိုင်မည့် တိုက်စစ်မှူးနေရာအတွက် ဒီပိုင်းကို မျက်စိကျနေသည်။

ကိုးမန်းသည် ပြင်သစ်တိုက်စစ်မှူးများဖြစ်သော ဂရစ်ဇ်မန်းနှင့် ဒမ်ဘီလီတို့၏ စွမ်းဆောင်ရည်အပေါ် သံသယဝင်နေပြီး လူငယ်ကစားသမား အန်ဆူဖာတီကိုမူ စောင့်ကြည့်ဆဲ အနေအထားတွင်သာ ရှိသေးသည်။

နယ်သာလန်သတင်းဌာန NOS နှင့် တွေ့ဆုံရာတွင် ဒီပိုင်းက “ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဘာစီလိုနာက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် သိရှိထားပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာတော့ ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး။ လိုင်ယွန်နဲ့လည်း ဆွေးနွေးသွားမှာဖြစ်ပြီး ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ပေးကြပါ။ ကျွန်တော့်အေးဂျင့်နဲ့လည်း ဘာမှ မပြောရသေးပါဘူး” ဟု ပြောသည်။

Ref:NOS

Facebook Comments Box
Facebook Comment