ဘာကာကထွက်ခွာဖို့ မိန်းမနဲ့တိုင်ပင်ခဲ့ရတဲ့ မက်ဆီ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ငယ်စဉ်ကလေးဘဝကတည်းက နေထိုင်ကြီးပြင်းလာခဲ့သည့် ကာတာလန်အခြေစိုက်ကလပ်အား စွန့်ခွာရန်ဆုံးဖြတ်ခဲ့ရသည့်အတွက် ထိခိုက်နာ ကျင်ရသလို ဇနီးသည်နှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့ရကြောင်း ဖွင့်ဟလိုက်သည်။

ဘာစီလိုနာ၏ နာမည်ကျော် လာမာစီယာအကယ်ဒမီထွက် မက်ဆီသည် ၂၀၀၄ ခုနှစ်တွင် ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရသည့်အချိန်မှ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၆၃၄ ဂိုးသွင်းကာ ဘာစီလိုနာအသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ဘာစီလိုနာနှင့်အတူ လာလီဂါ ၁၀ ကြိမ်၊ စပိန်ဘုရင့်ဖလား ၆ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်၊ ချန်ပီယံ လိဂ် ၄ ကြိမ်၊ ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်စီဆွတ်ခူးထားသော အသက် ၃၃ နှစ်အရွယ် မက်ဆီသည် လတ်တလောရလဒ်ဆိုးများကြောင့် မပျော်မရွှင်ဖြစ်နေသလို နည်းပြသစ်ကိုးမန်း၊ အသင်းဘုတ်အဖွဲ့ ဝင်များ၏ လုပ်ကိုင်မှုအပေါ် သဘောမကျ၍ အသင်းမှထွက်ခွာမည်ဟု ပြောကြားထားသည်။

ဘာစီလိုနာအသင်းက ၎င်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ခံမည်မဟုတ်သလို မက်ဆီကလည်း ယခုချက်ချင်း အသင်းပြောင်းချင်နေရာ တရားရုံးတွင် ဖြေရှင်းရမည့်သဘောရှိနေသည်။ မက်ဆီသည် ဘာစီလိုနာတွင် ၄ နှစ်ကြာလက်တွဲဖူးသော ဆရာဟောင်းဂွါဒီယိုလာရှိရာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ရာခိုင်နှုန်းများနေသည်။

အာဂျင်တိုင်းသတင်းစာ La Nacion ၏မေးမြန်းမှုကို မက်ဆီက “ဘာစီလိုနာက ထွက်ခွာမယ့်ဆုံး ဖြတ်ချက်ကို ကျွန်တော့်မိန်းမ အန်တိုနယ်လာနဲ့တိုင်ပင်ပြီးမှ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်နှလုံးသားတွေ အရမ်းနာကျင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဘာကာနဲ့ အ ခန်းကဏ္ဍက ပြီးဆုံး သွားပါပြီ။ ဂွါဒီယိုလာနဲ့ စကားပြောမယ်။ ကျွန်တော် မန်စီးတီးမှာကစားဖို့ သူစီစဉ်ပါလိမ့်မယ်” ဟု ပြောသည်။

Ref: LaNacion

Facebook Comments Box
Facebook Comment