ဘဝကပြောသော စကားလုံးများ

ယနေ့ ကမ္ဘာကျော်နေတဲ့
ကစားသမားတွေကို
ကြည့်မယ်ဆိုရင် အလွှာစုံက
ရှိတယ်။ နင်းပြားဘဝက
တက်လာသူတွေရှိသလို
အလယ်အလတ်တန်းစား
မိသားစုက ပေါက်ဖွားလာသူတွေလည်း
ရှိတယ်။ လူကုံထံတွေက
ဆင်းသက်လာသူကတော့
ရှားပါတယ်။

လူတယောက်ဟာ ကိုယ်က
ဘယ်ဘဝက လာသလဲဆိုတာ
မမေ့ရဘူးတဲ့။ လူကြီးမိဘတွေ
လက်ဆင့်ကမ်းသင်ကြားလာတဲ့
ဒဿနတွေပေါ့။ အလုပ်အပေါ်
တစိုက်မတ်မတ်ဖြည့်ဆည်းလာမှု၊
မဆုတ်မနစ်တဲ့ အားထုတ်မှု၊
အဆက်မပြတ် လေ့လာ
သင်ယူမှုတွေကြောင့် ဘဝတကွေ့မှာ
မြင့်မားတဲ့ အနေအထားတခု
ရောက်လာတတ်ပါတယ်။

ဒီအခါမှာ ကိုယ်က
ဘဝမေ့ပြီး ရလာတဲ့စည်းစိမ်
ငွေကြေးတွေကို ထင်တိုင်းကြဲ
သုံးဖြုန်းနေမယ်ဆိုရင်
အကျဘက်ရောက်တဲ့တနေ့
ဒုက္ခနဲ့ လှလှ တွေ့မှာ
အသေအချာပဲ။ ကိုယ့်ကို
ဘယ်သူကမှ အသိအမှတ်
မပြုတဲ့ တနေ့၊ အရင်လို
လုပ်တိုင်းဖြစ်နေတဲ့
ရွှေရောင်ကာလတွေ
ကုန်ဆုံးသွားတဲ့ တနေ့
ငွေကြေး၊ ခြွေရံသင်းပင်းတွေ
ပျောက်ဆုံးကုန်မှာ
သေချာတယ်။

ဒါကြောင့် ဘဝကို
ရိုးရိုးရှင်းရှင်း နေထိုင်
အသက်ရှင်ဖို့ လိုအပ်ပါတယ်။
ဘဝ မမေ့နဲ့။ ကိုယ်ငယ်စဉ်
ကျင်လည်ဖြတ်သန်းခဲ့ရတဲ့
ဝန်းကျင်ကို နိုင်တဲ့ဘက်က
ပံ့ပိုးကူညီပေး။ လူပီသအောင်
နေထိုင်ရှင်သန်။

ဘယ်လောက်ကောင်းလိုက်သလဲ။
ရာသီမစမီ ထိပ်တန်း
ကစားသမားတွေ မိသားစုနဲ့၊
ကိုယ်ချစ်ရတဲ့သူနဲ့ ဒါမှမဟုတ်
တကိုယ်တော် ကမ္ဘာပတ်နေကြတယ်။
တညကို ယူရိုထောင်သောင်းချီ
ပေးရတဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ
တည်းတယ်။ တန်ဖိုးကြီး
ယမကာတွေ၊ အစားအသောက်တွေ
စားတယ်။

ဒါက သူတို့ပညာရပ်နဲ့
ရှာဖွေရရှိလာတဲ့ ငွေတွေကို
သုံးတာပဲ။ အပြစ်ဆိုစရာ
မရှိပါဘူး။ လူတိုင်း
ကိုယ်ကြိုက်တာကို
လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့
ဒီလိုသုံးဖြုန်းလိုက်တဲ့
ငွေတွေကို တန်ဖိုးရှိတဲ့
နေရာတွေမှာ အသုံးချရင်
ပိုမကောင်းဘူးလားလို့
တွေးမိတာပါ။

အာဖရိက ကစားသမားအချို့ရဲ့
အားလပ်ရက်တွေကတော့
မုဒိတာပွားစရာကောင်းတယ်။
နာပိုလီတိုက်စစ်မှူး
အိုဆီမန်ရဲ့ နိုင်ဂျီးရီးယား
အပြန်ခရီးက ကြည်နူးစရာ
ကောင်းတယ်။ သူ့လို
ကမ္ဘာမကျော်ခဲ့တဲ့
ငယ်သူငယ်ချင်းတွေနဲ့
ဘောလုံးကစားတယ်။

မီလျံနာတယောက်ဖြစ်နေပေမယ့်
သူ့မှာ ဘာမာန်မာနမှ
မရှိဘူး။ တယောက်ချင်းစီကို
လက်ဆွဲနှုတ်ဆက်ပြီး
နာမည်ပြောလိုက် ထိပ်ပုတ်လိုက်၊
ဖင်ကိုဆောင့်ကန်လိုက်
လုပ်နေတာက သူတို့ရဲ့
ဆင်းရဲနွမ်းပါးတဲ့
ငယ်ဘဝက ရင်းနှီးကျွမ်းဝင်မှုကို
မြင်သာစေပါတယ်။

အိုဆီမန်က မာနေးလိုပဲ
သူနေထိုင်ရာ ဝန်းကျင်ကို
ပြန်လည်ထောက်ပံ့နေသူပါ။
ဒါပေမဲ့ သူက ဆီနီဂေါသားထက်
ပိုပြီး အမြင်ကျယ်တယ်လို့
သုံးသပ်လို့ရတယ်။
ဘာကြောင့်လဲဆိုတဲ့အဖြေကို
သူပြောတဲ့ အောက်က
စကားလုံးတွေကို ဖတ်ကြည့်ရင်
မြင်နိုင်ပါလိမ့်မယ်။

“မာနေးရဲ့ လုပ်ရပ်တွေက
ကျွန်တော့်အပေါ်
လွှမ်းမိုးမှုရှိပေမယ့်
ကျွန်တော့်မှာ သူနဲ့မတူတဲ့
ပန်းတိုင်တခုရှိပါတယ်။
သူက ဆီနီဂေါအသိုင်းအဝိုင်း
အတွက် အခြေခံ
အဆောက်အဦတွေဆောက်တယ်။
အဲဒါက လေးစားစရာပါပဲ။

ကျွန်တော်က အာဖရိကတိုက်
တဝှမ်းလုံးက မသန်စွမ်းတွေကို
ကူညီပေးချင်တယ်။ တတ်နိုင်သမျှ
ကူညီပေးနိုင်ဖို့ ကြိုးစားနေမှာပါ။
ဒီရည်မှန်းချက်အောင်မြင်ဖို့
အာဖရိကမှာ ရုံးချုပ်ထားမယ်။

တကယ်လို့ ခင်ဗျားမှာ
ခြေထောက်တဖက် မရှိဘူးဆိုရင်
ကျွန်တော်က ခြေထောက်တခု
ဖန်တီးပေးမယ်ဗျာ။ လက်တဖက်
ဆိုရင်လည်း လက်ပေါ့။
သူတို့ကို လူတိုင်းနဲ့တန်းတူပဲဆိုတဲ့
ခံစားချက်မျိုး ဖြစ်စေချင်တယ်။
ကျွန်တော်တို့ အာဖရိကအတွက်
အလုပ်လုပ်ကြမယ်”

Facebook Comments Box
Facebook Comment