ဘရာဇီးနဲ့ ပေါ်တူဂီတို့ ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်များ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် နောက်ဆုံးပွဲစဉ်တွေကို ယနေ့ည ယှဉ်ပြိုင်ခဲ့ရာမှာကမောက်ကမ အံ့ဩစရာ ရလဒ်တွေနဲ့  ပြီးဆုံးခဲ့တာကို တွေ့ရပါတယ်။

တောင်ကိုရီးယား ၂-၁ ပေါ်တူဂီ

အုပ်စု F ရဲ့ နောက်ဆုံး ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြပြီး ထင်မှတ် မထားတဲ့ ရလဒ်နဲ့ အုပ်စု တက်ခဲ့တဲ့ အသင်းက တောင်ကိုရီးယား ဖြစ်ပါတယ်။ အသင်းကြီး ပေါ်တူဂီကို မိနစ် ၉၀ လုံးလုံး တစ်ဂိုးစီ သရေ ကစားခဲ့ပြီး နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းခဲ့တဲ့ တောင်ကိုရီးယားဟာ ၂၀၀၂ ခုနှစ်တုန်းကလို အံ့ဖွယ် ခြေစွမ်မျိုး ပြနိုင်ခဲ့တာပါ။ ပွဲပြီးတာတောင် လွတ်လွတ်ကျွတ်ကျွတ် အောင်ပွဲ မခံနိုင်သေးဘဲ တစ်ဘက်က ဥရုဂွေးပွဲ ရလဒ်ကို စောင့်ကြည့်ရတဲ့အချိန် ၈ မိနစ် လောက်ကလည်း တော်တော်လေး ရင်ခုန်ဖို့ ကောင်းခဲ့ပါတယ်။

ဂါနာ ၀-၂ ဥရုဂွေး

ဥရုဂွေးကတော့ ၂၀၁၀ တုန်းက ဂါနာကို ဆွာရက်ဇ် လက်နဲ့ပုတ်ပြီး နောက်တစ်ဆင့် မတက်အောင် တားခဲ့တဲ့အကြွေးကို ပြန်ဆပ်လိုက်ရ သလိုပါပဲ။ ပထမပိုင်း ကတည်းက နှစ်ဂိုးရခဲ့ပေမယ့် အရေးကြီးတဲ့ နောက်ဆုံး တစ်ဂိုးကို ထပ်မပေးရအောင် ဂါနာတစ်သင်းလုံး အကောင်းဆုံး ခုခံ ကစားခဲ့ကြပါတယ်။ 

ကင်မရွန်း ၁-၀ ဘရာဇီး

ကင်မရွန်းဟာ အုပ်စုတက်ဖို့ မျှော်လင့်ချက် ပါးပါးလေးသာ ရှိပေမယ့် ဘရာဇီးလို အသင်းကြီးကို မထင်မှတ်ဘဲအနိုင်ယူနိုင် ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ အာဖရိက အသင်း တစ်သင်းက ဘရာဇီးကို ပထမဆုံး နိုင်ဖူးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဘက်မှာ ဆွစ်ဇာလန် အသင်းက နိုင်ပွဲရသွားလို့ သူတို့ရဲ့ အကောင်းဆုံးကြိုးပမ်းမှုဟာ နောက်တစ်ဆင့် တက်ဖို့ မလုံလောက် ခဲ့ပါဘူး။

ဆားဘီးယား ၂-၃ ဆွစ်ဇာလန်

ကမ္ဘာ့ဖလားပွဲ ဆိုတာ ဒါမျိုးကို ခေါ်တာလို့ ပြောရလောက်အောင် အပြန်အလှန် ဂိုးတွေ သွင်းပြီး မြိုင်ဆိုင် နေခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ နှစ်သင်း စလုံးဟာ ဒီပွဲမှာ အနိုင်ရရင် နောက်တစ်ဆင့် အတွက် မျှော်လင့်ချက် ရှိနေလို့ရေကုန်ရေခမ်း ယှဉ်ပြိုင်ခဲ့ကြပြီးမှ ထိုက်ထိုက်တန်တန် အနိုင်ရ ခဲ့တာလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ နောက်တစ်ဆင့်မှာ ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာပါ။

#soccer88

Facebook Comments Box
Facebook Comment