ဘရက်ရှားမှ ပီယာလိုလက်သစ် တိုနာလီကို အေစီမီလန် ခေါ်ယူလိုက်ပြီ

အေစီမီလန်သည် ဘရှက်ရှားမှ ကွင်းလယ်ကစားသမားဆန်ဒရို တိုနာလီကို ခေါ်ယူအားဖြည့်လိုက်သည်။ အေစီမီလန်သည် အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားအား ယူရို ၁၀ သန်းဖြင့် တစ်နှစ်အငှား ခေါ်ယူလိုက်ခြင်း ဖြစ်ပြီး လာမည့်နွေတွင် ယူရို ၁၅ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်မည့်အချက်ကို စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားသည်။

အေစီမီလန်သည် ဥရောပ၏အကောင်းဆုံးလူငယ်ကွင်းလယ်ကစားသမားစာရင်း ဝင်အတွက် အပိုဆုကြေးအပါအဝင် စုစုပေါင်း ယူရို ၃၅ သန်းအထိ ပေးရနိုင်ကြောင်း သိရသည်။

အေစီမီလန်အားကစားဒါရိုက်တာ မာလ်ဒီနီက “ရိုဆိုနီရီ(မီလန်)မိသားစုက ဆန်ဒရိုကို ကြိုဆိုပါတယ်။ ပါရမီရှင် ဒီလူငယ် အလယ်တန်းကစားသမားက မီလန်ကို တန်ဖိုးကို မြှင့်တင်ပေးမယ့်အပြင် အနာဂတ်မှာ ကလပ် အောင်မြင်ရေးအတွက်လည်း ပံ့ပိုးကူညီလာမယ့်သူ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

တိုနာလီသည် အီတလီလက်ရွေးစင်အသင်းအတွက် ၃ ပွဲကစားခွင့် ရရှိထားသူဖြစ်ပြီး ဘရက်ရှား ပထမအသင်းတွင် ၃ ရာသီကစားခဲ့စဉ်အတွင်း ၈၉ ပွဲကစားကာ ၆ ဂိုး သွင်းယူနိုင်ခဲ့သည်။

သူသည် ပြီးခဲ့သည့် ရာသီတုန်းက ဘရက်ရှားအတွက် ၃၆ ပွဲအထိ ကစားခဲ့သူ ဖြစ်သည်။ သူသည် ဘာစီလိုနာ၊ မန်ယူတို့ကဲ့သို့ ထိပ်သီး ကလပ်များ၏ ကမ်းလှမ်းမှု ရရှိခဲ့သော်လည်း ငယ်စဉ်ကတည်းက သူ အားပေးလာခဲ့သည့် အေစီမီလန်က ကမ်းလှမ်းလာချိန်တွင် ချက်ချင်းပင် လက်ခံလိုက်ခြင်း ဖြစ်သည်။

တိုနာလီသည် အေစီမီလန်နှင့်ဂျူဗင်တပ်ဂန္ထဝင်ကစားသမားပီယာလို လက်သစ်အ ဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်ပြီး ဂျူဗင်တပ်နည်းပြကိုယ်တိုင်က တူရင်သို့ ခေါ်ယူရန် ကြိုးပမ်းခဲ့သေးသည်။ ပီယာလိုက တိုနာလီက မိမိ အသက် ၂၀ နှစ် အရွယ်တုန်းကထက် ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်ကြောင်း ပြောကြားထားသည်။

အသက် ၂၀ နှစ်ရှိ တိုနာလီသည် အေစီမီလန်တွင် ကျောနံပါတ် ၈ ကို ဝတ်ဆင် သွားမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment