ဘယ်သူမှထင်မှတ်မထားဘဲ ဆေးလ်ဗားကို ခေါ်ယူလိုက်နိုင်သည့် ဆိုစီဒက်

ဆိုစီဒက်သည် မန်စီးတီးမှ ထွက်ခွာခဲ့သည့် ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗားအား ခေါ်ယူကြောင်း ကြေညာကာ ဘောလုံးလောကတစ်ခုလုံး အံ့ဩသင့်အောင်လုပ်လိုက်သည်။ စပိန်ကွင်းလယ်ဖန်တီးရှင်သည် ဆယ်စုနှစ်တစ်ခုကြာကစားလာခဲ့သည့် မန်စီးတီးမှ ချန်ပီယံလိဂ်မှထွက်ရမှုနဲ့အတူ ထွက်ခွာလာသူဖြစ်ပြီး လာဇီယိုသို့ပြောင်းမည်ဟု အားလုံးက ယူဆထားကြသည်။ လာဇီယိုသည် ဒေးဗစ်ဆေးလ်ဗားကို သုံးနှစ်စာချုပ်ကမ်းလှမ်းထားသည့်အပြင် ချန်ပီယံလိဂ်ကစားခွင့်လည်း ရရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်လာမည်ဟု အားလုံးကယူဆခဲ့ကြသည်။ ဒါ့အပြင် ဆေးလ်ဗားသည် ပြီးခဲ့သည့်လတုန်းက လာဇီယိုအားကစားဒါရိုက်တာနှင့်တွေ့ဆုံကာညစာအတူစားခဲ့ရာအပြောင်းအရွှေ့မှာ ပြီးပြတ်ပြီဟုပင် အားလုံးက ယူဆထားခဲ့ကြတာပါ။ ဒါပေမယ့်ယနေ့မှာ ဆိုစီဒက်အသင်းက ဒေးဗစ်ဆေးလ်ဗားအား ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာလာပြီဖြစ်သည်။ ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားသည့် ဆိုစီဒက်သည် အငှားဖြင့်လာရောက်ကစားနေသည့် နော်ဝေကွင်းလယ်ဖန်တီးရှင်အိုဒီဂတ်ကို ရီးရဲလ်မက်ဒရစ်သို့ ပြန်ပေးလိုက်ရမှုနှင့်အတူ ကွင်းလယ်ဖန်တီးရှင်တစ်ဦး ရှာဖွေနေလာခဲ့သည့် ကလပ်လည်း ဖြစ်သည်။

အသက် ၃၄ နှစ်ရှိ ‌ဆေးလ်ဗားသည် မန်စီးတီးတွင် ကစားသည့် ၁၀ ရာသီအတွင်းတွင် ၄၃၄ ပွဲကစားကာ ၇၇ ဂိုးသွင်းပြီး ၁၃၇ ကြိမ်ဖန်တီးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား လေးကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်သည်။ သူသည် စပိန်အသင်းအတွက် ၁၂၅ ပွဲကစားကာ ၂၅ ဂိုးသွင်းယူပြီး ကမ္ဘာ့ဖလားတစ်ကြိမ်၊ ယူရိုဖလားနှစ်ကြိမ်ဆွတ်ခူးထားနိုင်သည်။ သူသည် ဗလင်စီယာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး အီဘာ၊ ဆဲလ်တာဗီဂိုတို့တွင် အငှားဖြင့် သွားကစားပြီးနောက် ဗလင်စီယာတွင် ခြောက်ရာသီကြာကစားခဲ့ကာ ၂၀၁၀ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းခဲ့သည်။

Ref: Soceidad

Facebook Comments Box
Facebook Comment