ဘယ်လ်ဂျီယံနှင့်ပွဲတွင် ဆန်ချိုနှင့်အေဘရာဟမ် ပါဝင်မည်ဟု ဆောက်ဂိတ်အတည်ပြု

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က တမ်မီအေဘရာဟမ်နှင့်ဂျာဒွန်ဆန် ချိုတို့သည် တနင်္ဂနွေနေ့၌ ဘယ်လ်ဂျီယံနှင့် ကစားရမည့်ပွဲတွင် ပါဝင်လာကြမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ သို့ရာတွင် ချဲလ်ဆီးဘယ်နောက်ခံလူဘင်ချဲလ်ဝဲလ်မှာမူ ဘယ်လ်ဂျီယံနှင့်ပွဲတွင် ပါဝင်နိုင်ဖွယ် မရှိချေ။

ဆန်ချိုနှင့်ဘင်ချဲလ်ဝဲလ်တို့သည် ပြီးခဲ့သည့်အပတ်စနေနေ့တုန်းက အေဘရာဟမ်၏ ၂၃ နှစ်ပြည့် မွေးနေ့ပါတီသို့ တက်ရောက်ကာ ဗြတိန်၏ ၆ ဦးထက် ပို၍ လူမစုရ ကိုဗစ်ဥပဒေကို ချိုးဖောက်ခဲ့ကြသည်။ ယင်းဖြစ်ရပ်ကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်သည် ကြာသပတေးညက ဝေးလ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ကစားသမားသုံးဦးလုံးကို ချန်လှပ်ထားခဲ့သည်။

ဆန်ချို၊ အေဘရာဟမ်နှင့် ဘင်ချဲလ်ဝဲလ်တို့သည် ကိုဗစ်ကူးစက်ခြင်းမခံထားရကြောင်း တွေ့ရသော်လည်း ဘင်ချဲလ်ဝဲလ်မှာမူ ကိုယ်ပူချိန်အနည်းငယ်ရှိနေမှုကြောင့် သီးသန့်နေထိုင်ရဆဲ ဖြစ်သည်။ သို့ရာတွင် ဆန်ချိုနှင့် အေဘရာဟမ်တို့မှာမူ အခြေအနေအားလုံးကောင်းမွန်နေမှုကြောင့် အင်္ဂလန်အသင်းနှင့်ပူးပေါင်းလေ့ကျင့်ခန်းဆင်းနိုင်တော့မည် ဖြစ်သည်။

ဆောက်ဂိတ်က “တမ်မီနဲ့ဂျာဒွန်တို့ ကျွန်တော်တို့နဲ့အတူ ရှိနေတယ်ဆိုပေမယ့် သီးသန့်နေပြီး သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ရတာပါ။ သုံးယောက်လုံးက Negative ပါ။ ဒါပေမယ့် ဘင်မှာ အဖျားနည်းနည်း ရှိနေပါတယ်။ ဒါကလည်း အသေးစားပါ။ လက်ရှိအချိန်မှာတော့ သူ့ကို အသင်းနဲ့ပူးပေါင်းခွင့်မပေးထားသေးပါဘူး”ဟု ပြောကြားခဲ့သည်။

အင်္ဂလန်သည် လာမည့် တနင်္ဂနွေနေ့တွင် ဘယ်လ်ဂျီယံနှင့်လည်းကောင်း၊ လာမည့် ဗုဒ္ဓဟူးနေ့တွင် ဒိန်းမတ်နှင့်လည်းကောင်း UEFA Nations League ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment