ဘန်ဇီးမားနှင့် ဗီနီဆီယက်စ်တို့ကြား ပြဿနာ မရှိကြောင်း ဘန်ဇီးမား ဖွင့်ဟ

ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက အသင်း၏ အဓိက တိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ဘန်ဇီးမားနှင့် ဗီနီဆီယက်စ်တို့ကြား မည်သည့် ပြဿနာမှ မရှိကြောင်း ပြောကြားလိုက်သည်။

ယခုတစ်ပတ် ကြားရက်က ကစားခဲ့သော မိုချင်ဂလက်ဘတ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ဘန် ဇီးမားက ဗီနီဆီယက်စ်၏ ကစားပုံကို ဝေဖန်ပြစ်တင်ကာ ဒုတိယပိုင်း ကစားရန် အဝတ်လဲခန်းထဲမှအထွက် ပြင်သစ်နောက်ခံလူ မန်ဒီအား ဗီနီဆီယက်စ်ကို ဘောလုံးမပေးရန် တိုက်တွန်းခဲ့သည်။

ဘန်ဇီးမားက အသုံးမကျ ဖြစ်နေသော ဗီနီဆီယက်စ်ကို ဘောလုံး ပေးကစားနေလျှင် မိမိတို့အသင်းသာ ဒုက္ခတွေ့လိမ့်မည်ဟုလည်း မန်ဒီကို ပြင်သစ်စကားဖြင့် ပြောပြခဲ့သည်။

ဘန်ဇီးမားက ဗီနီဆီယက်စ်အကြောင်း ပြောပြနေသည့် ဗီဒီယိုဖိုင်မှာ တိုက်ရိုက်ထုတ်လွှင့်နေချိန်အတွင်း အတိုင်းသား ကြားနေရသောကြောင့် ရီးရဲလ် ကစားသမားများကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

ပထမပိုင်းတွင် ဗီနီဆီယက်စ်ထံ ဘောလုံး ၃ ကြိမ် ပေးကစားခဲ့သော ဘန်ဇီးမားသည် ဒုတိယပိုင်းတွင်မူ ဘရာဇီးလ်တိုက်စစ်မှူး လူစားလဲခံရသည့် မိနစ် ၇၀ အထိ ၎င်းထံ ဘောလုံး ပေးကစားခြင်းမရှိဘဲ အခြား ကစားသမားများနှင့်သာ ကစားခဲ့သည်။

စနေည ဟူစကာအား အိမ်ကွင်းပွဲစဉ် ဧည့်ခံကစားမည့် ပွဲမတိုင်ခင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဇီဒန်းက “ကွင်းထဲမှာ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြောစရာတွေက အများကြီးပါပဲ။ အခြား အရာတွေကနေ ကျွန်တော်တို့ စွမ်းအင်ရဖို့ လိုအပ်ပါတယ်။

သူတို့နှစ်ယောက် စကားပြောပါတယ်။ အဲဒါက ကောင်းပါတယ်။ ဘာပြဿနာမှလည်း မရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ သူတို့ လေ့ကျင့်နေတာကလည်း ကောင်းပါတယ်။ ပြဿနာကလည်း ပြီးသွားပါပြီ” ဟု ပြောသည်။

Ref:Marca

Facebook Comments Box
Facebook Comment