ဘင်ယက်ဒါ COVID-19 ကူးစက်ခဲ့၍ ဂရစ်ဇ်မန်း၊ လန်ဂလက်နှင့် ဗာရန်းတို့ပါ စိုးရိမ်နေရ

ပြင်သစ်တိုက်စစ်မှူး ဘင်ယက်ဒါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရကြောင်း တွေ့ရှိရသောကြောင့် ပြင်သစ်အသင်းမှ နုတ် ထွက်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မိုနာကို ကစားသမား ဘင်ယက်ဒါနှင့် ထိတွေ့မှုရှိခဲ့သော ဂရစ်ဇ်မန်း၊ လန်ဂလက်နှင့် ဗာရန်းတို့မှာလည်း ၎င်းတို့ပါ ကူးစက်ခံရမည်ကို ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်နေရ သလို ၎င်းတို့၏ ကလပ်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကလည်း Negative အဖြေထွက်ရန် ဆုတောင်းနေရသည့် အခြေအနေဖြစ်သည်။

ဘင်ယက်ဒါသည် ဖင်လန်အား ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲတွင် ပွဲထွက်လူစာရင်းမှ ကစားခွင့်ရခဲ့ပြီး ပွဲချိန် ၅၇ မိနစ်၌ ဂရစ်ဇ်မန်းနှင့် လူစားလဲခဲ့သည်။

လန်ဂလက်မှာလည်း ပွဲထွက် ၁၁ ဦးစာရင်းမှ ကစားခွင့်ရခဲ့ပြီး မိနစ် ၈၀ တွင် ဗာရန်း က ၎င်းအစား လူစားဝင် ကစားခဲ့သည်။

ဘင်ယက်ဒါသည် ကြာသပတေးနေ့ နံနက်ပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရှိခဲ့ပြီးနောက် အသင်းသားများနှင့် အတူလေ့ကျင့်ခြင်း မရှိတော့သလို ယနေ့တွင် ပြင်သစ်အသင်း အခြေချရာစခန်းမှ ထွက်ခွာလာပြီးနောက် နေအိမ်၌ သီးခြားနေထိုင်လျက်ရှိသည်။

ဘင်ယက်ဒါသည် ယခု နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ပြင်သစ်အသင်းအား စွန့်ခွာသော တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပြီး နဘီလ်ဖီကာနှင့် အာအူရာတို့က ဒဏ်ရာကြောင့် ၎င်းထက်အရင် လက်ရွေးစင် လူစာရင်းမှ နုတ်ထွက်ခဲ့သည်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်သည် ဂရစ်ဇ်မန်းကို အဓိက ကစားသမားအဖြစ် သတ်မှတ်ထားပြီး ပေါ်တူဂီ၊ ဆွီဒင်တို့နှင့် နေးရှင်းလိဂ်ပွဲစဉ် မကစားမီ အနားရစေရန်အတွက် ဖင်လန်နှင့်ပွဲတွင် ဒုတိယပိုင်းကျမှသာ လူစားဝင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် COVID-19 တွေ့ရှိထားသော ဘင်ယက်ဒါနှင့် အနီးကပ် ထိတွေ့ ခဲ့သောကြောင့် ဂရစ်ဇ်မန်း၊ လန်ဂလက်၊ ဗာရန်းတို့၏ အခြေအနေက ကူးစက်မခံရစေ ရန်သာ ဆုတောင်းနေရသည့် အနေအထားဖြစ်သည်။

Ref:L’Equipe

Facebook Comments Box
Facebook Comment