ဘင်ဖီကာနောက်ခံလူဒိုင်ယက်စ်ကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် မန်စီးတီး သဘောတူညီမှုရရှိ

မန်စီးတီးသည် ဘင်ဖီကာနောက်ခံလူရူဘင်ဒိုင်ယက်စ်ကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိသွားခဲ့ပြီ ဖြစ်သည်။ မန်စီးတီးသည် အသက် ၃၂ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူ နီကိုလပ်စ် အော့တာမန်ဒီကို ဘင်ဖီကာသို့ ပေါင် ၁၃.၇ သန်းဖြင့် ပြန်လည် ရောင်းချခဲ့ရသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့်နှစ် နွေရာသီတုန်းက ကစားသမားဘဝမှ အနားယူသွားသည့် ဗင်းဆင့်ကွန်ပနီ၏ နေရာတွင် အစားထိုးရန် ညာသန် ဗဟိုခံစစ်မှူးတစ်ဦး ရှာဖွေလာခဲ့ခြင်းလည်း ဖြစ်သည်။

တနင်္ဂနွေနေ့ညတွင် ဘင်ဖီကာက ဒိုင်ယက်စ်နှင့် အော့တာမန်ဒီတို့၏ အပြောင်းအရွှေ့ကို အတည်ပြု ကြေညာသွားခဲ့ပြီး စာချုပ်တွင် ကစားသမားတို့ လက်မှတ်ရေးထိုးရန်သာ ကျန်တော့ကြောင်း ဆိုသွားသည်။

အသက် ၂၃ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် နောက်ခံလူသည် စနေနေ့ညတုန်းက မိုရီရင့်စ်အား အနိုင်ရရှိသည့်ပွဲအပြီးတွင် ကစားသမားဖော်များနှင့် အားကစားဒါရိုက်တာရူဘင်ကော့စတာတို့အား နူတ်ဆက်မှု ပြုလုပ်ခဲ့သည်။

သူသည် ဘင်ဖီကာအတွက် ၁၃၃ ပွဲကစားကာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

မန်စီးတီးသည် ပြီးခဲ့သည့်ရာသီတုန်းက ကွန်ပနီနေရာတွင် အစားထိုးနိုင်ခြင်း မရှိမှုနှင့်အတူ ခံစစ် အားနည်းပြီး ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးကို မစိန်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တနင်္ဂနွေနေ့ညတုန်းကလည်း လက်စတာကို အိမ်ကွင်းတွင် ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲမှာ ဂွါဒီယိုလာ၏ နည်းပြဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ၅ ဂိုးပေးခဲ့ရသည့်ပွဲလည်း ဖြစ်သည်။

မန်စီးတီးသည် ရူဘင်ဒိုင်ယက်စ်မတိုင်မီ နာပိုလီ၏ကူလီဘာလီကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ပေါင်သန်း ၈၀ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရသည်။

ဒိုင်ယက်စ်သည် ယခုရက်ပိုင်းအတွင်းတွင် မန်ချက်စတာသို့ ရောက်လာကာ ဆေးစစ်မှုခံယူပြီး မန်စီးတီးနှင့် စာချုပ်ချုပ်ဆိုသွားမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment