ဘင်ဖီကာနောက်ခံလူဒိုင်ယက်စ်ကို ခြောက်နှစ်စာချုပ်ဖြင့် မန်စီးတီး ခေါ်ယူ

မန်စီးတီးသည် ဘင်ဖီကာမှ အသက် ၂၃ နှစ်ရှိ နောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ မန်စီးတီးသည် တနင်္ဂနွေနေ့ကတည်းက ဒိုင်ယက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကစားသမားသည် ဆေးစစ်မှု ခံယူပြီးနောက် ခြောက်နှစ် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဒိုင်ယက်စ်သည် ယခုနွေရာသီတွင် ဂွါဒီယိုလာ၏ သုံးယောက်မြောက် ခေါ်ယူမှု ဖြစ်သည်။ ၎င်းတို့သည် ဒိုင်ယက်စ်မတိုင်မီ နောက်ခံလူ နသန်အကဲနှင့် တောင်ပံကစားသမား ဖာရန် တောရက်စ်တို့အား ခေါ်ယူခဲ့ပြီး ဖြစ်သည်။

ဒိုင်ယက်စ်က “မန်စီးတီးလို ကလပ်မျိုးသို့ ပြောင်းနိုင်မယ့် အခွင့်အရေးက ကျွန်တော့်အတွက် လက်လွှတ်လို့ မရတဲ့ အခွင့်အရေးပါ။ ဒါကလည်း သူတို့ရဲ့ အောင်မြင်မှုကြောင့်ပါ။ သူတို့ဟာ အင်္ဂလန်ဘောလုံးလောကကို နှစ် အနည်းငယ်ကြာ လွှမ်းမိုးလာခဲ့တဲ့ကလပ်ပါ။ သူတို့ရဲ့ တိုက်စစ်အသား ပေးကစားဟန်က ကျွန်တော့်ကစားဟန်နဲ့ ကိုက်ညီတယ်လို့ ထင်ပါတယ်။ ပါရမီရှင်တွေ ပြည့်နေတဲ့ဒီလိုအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ စိတ်လှု်ပရှားရပါတယ်။ ကျွန်တော့်လို ငယ်ရွယ်တဲ့ ကစားသမားတွေကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်တဲ့ မှတ်ကောင်းတဲ့ ရှိတဲ့ ဂွါဒီယိုလာ ကမ္ဘာ့ထိပ်တန်းနည်းပြတစ်ဦးလက်အောက်မှာ ကစားခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားရပါတယ်”ဟု ပြောကြားသွားသည်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဒိုင်ယက်စ်သည် ဘင်ဖီကာအကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ဘင်ဖီကာအတွက် စီနီယာပွဲ ၁၁၃ ပွဲကစားပေးထားကာ ၂၀၁၈-၁၉ ရာသီတွင် ပေါ်တူဂီဖလားဆွတ်ခူးနိုင်ထားသည်။ သူသည် ပေါ်တူဂီ လက်ရွေးစင်အတွက် ၁၉ ပွဲကစားထားသူလည်း ဖြစ်သည်။

မန်စီးတီးနည်းပြဂွါဒီယိုလာသည် ဗင်းဆင့်တီကွန်ပနီနေရာတွင် အစားထိုးရန် အတွက် ညာသန် ဗဟိုနောက်ခံလူတစ်ဦး ရှာဖွေလာခဲ့သည်မှာ ကြာမြင့်လာပြီ ဖြစ်ပြီး ပြီးခဲ့သည့် ရာသီတုန်းက ဖာနန်ဒင်ဟိုကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ရသည်။

မန်စီးတီးဘောလုံးဒါရိုက်တာဘီဂီရီစတိန်းက “ရူဘင်က ကျွန်တော်တို့ စောင့်ကြည့် လာတာ ကြာမြင့်ပြီဖြစ်တဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့ ဘင်ဖီကာမှာ တိုးတက် လာမှုအပေါ် ကျွန်တော်တို့ တကယ် အားရခဲ့ကြတယ်။ သူဟာ နောက်ခံလူ တစ်ဦးအနေနဲ့ရော စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ပါ တိုးတက်နေသူပါ။ သူက ကျွန်တော်တို့ လိုချင်တဲ့ အရည်အချင်းတွေ အားလုံးပိုင်ဆိုင်တဲ့ နောက်ခံလူတစ်ဦးပါ”ဟု ပြောကြားခဲ့သည်။

မန်စီးတီးသည် အပြန်အလှန်အနေဖြင့် အာဂျင်တီးနား ဝါရင့်နောက်ခံလူ အော့တာမန်ဒီကို ဘင်ဖီကာသို့ ပြန်လည် ရောင်းချခဲ့ရသည်။

Facebook Comments Box
Facebook Comment