ဘက်ခမ်း၏ အင်တာမိုင်ယာမီအသင်းသို့ ဟီဂွါရင် ပြောင်းရွှေ့

အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလိုဟီဂွါရင်သည် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဟီဂွါရင်သည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ် ကျန်နေသေးသော်လည်း နှစ်ဖက်သဘောတူညီမှုဖြင့် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဟီဂွါရင်သည် ၂၀၁၆ တွင် နာပိုလီမှ ဂျူဗင်တပ်စ်သို့ ယူရို သန်း ၉၀ ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အေစီမီလန်၊ ချဲလ်ဆီးတို့တွင် အဌားကစားကာ တူရင်အခြေစိုက် အသင်းနှင့်အတူ စီးရီးအေဆုဖလား ၃ ကြိမ် ရယူထားသည်။

အာဂျင်တီးနားအတွက် ၇၅ ပွဲတွင် ၃၁ ဂိုးသွင်းထားသော ၎င်းသည် အင်တာမိုင်ယာမီ တွင် တစ်နှစ်လစာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ရရှိမည်ဖြစ်ပြီး မေဂျာလိဂ်၏ လစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

ဟီဂွါရင်အင်သည် အင်တာမိုင်ယာမီတွင် ဂျူဗီကစားဖော်ဟောင်း မာတွီဒီနှင့် ပြန်လည်လက်တွဲရမည်ဖြစ်ပြီး အဆိုပါ ပြင်သစ်ကွင်းလယ်လူသည် သြဂုတ်လ ၁၃ ရက်က မေဂျာလိဂ်ကလပ်သို့ပြောင်းရွှေ့ကာ ၃ ပွဲ ကစားထားပြီးဖြစ်သည်။

ဟီဂွါရင်၏ အစ်ကိုဖြစ်သူ ဖက်ဒရီကိုက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်သို့ ယခုနှစ် မတ်လအတွင်းက ပြောင်းရွှေ့ခဲ့ပြီး ၅ ပွဲကစား ၂ ဂိုးသွင်းထားရာ ယခုအခါ ညီအစ်ကိုနှစ်ဦး ပြိုင်ဘက်အသွင် ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နိုင်ခြင်းနှင့် ပတ်သက်၍ ဟီဂွါရင်က “ပထမဆုံး အားလုံးကို ကျေးဇူးတင်တယ်။ ကျွန်တော့်ကို စာချုပ်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းကို ကျေးဇူးတင်တယ်။ ဒါက ကျွန်တော့်ဘဝအတွက် လှပတဲ့ အတွေ့အကြုံဖြစ်လာ မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်က ဥရောပမှာရခဲ့တဲ့ အတွေ့အကြုံအားလုံးကို အသုံးချပြီး အသင်းတိုးတက်လာအောင် ကူညီပေးသွားမှာပါ” ဟု ဆိုသည်။

Ref:ESPN

Facebook Comments Box
Facebook Comment