ဗီလာရှုံးပွဲအား အဲဗာတန်နှင့်ပွဲတွင် ပြန်လည်တုံ့ပြန်ရန် ကလော့ပ် ဆန္ဒရှိ

လာမည့်စနေတွင် မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်နှင့် ကစားရမည့်ပွဲမှာ အက်စတွန်ဗီလာအား ဂိုးပြတ်ရှုံးနိမ့်မှုကို ပြန်လည်တုံ့ပြန်ခွင့်ရမည့် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းပြသရန် အသင်းသားများကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းလိုက်သည်။

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်သည် နိုင်ငံတကာ ရက်သတ္တပတ်မတိုင်မီ နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် အက်စတွန်ဗီလာအား ၇-၂ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲမှာ လီဗာပူးလ်၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးပြတ်ရှုံးပွဲတစ်ပွဲ ဖြစ်လာခဲ့ပြီး ကစားသမားများ၏ စိတ်ဓာတ်ပိုင်းကိုလည်း ရိုက်ခတ်မှုရှိခဲ့သည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ၏ အစောဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်သည် ၄ ပွဲကစား ပွဲတိုင်းနိုင်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသော မြို့ခံပြိုင်ဘက် အဲဗာတန်နှင့် အဝေးကွင်းပွဲစဉ် သွားကစားရမည်ဖြစ်သည်။

ကစားသမားသစ်များနှင့် ကစားသမားဟောင်းများကြား နားလည်မှုရှိရှိ ကစားကာ ရလဒ်ကောင်းများ ယူဆောင်ထားသော အန်ဆလော့တီ၏ အသင်းမှာ ကစားရခက်သော အသင်းတစ်သင်းဖြစ်သော်လည်း ဗီလာရှုံးပွဲမှ အကောင်းဆုံး ပြန်လာနိုင်ရေးအတွက် အရေးသာမှုတစ်ခု ဖြစ်လာမည်ဟု ကလော့ပ်က သုံးသပ်သည်။

“ဗီလာကို ရှုံးခဲ့တဲ့ညက ကျွန်တော့်ဘဝအတွက် အကောင်းဆုံးညတစ်ညတော့ မဟုတ်ခဲ့ပါဘူး။ ၇-၂ ဆိုတဲ့ရလဒ်နဲ့ ရှုံးခဲ့တာက တကယ်ကို ဆိုးရွားပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အဲဒီလိုရှုံးတာက ပိုပြီး အသုံးဝင်တာ တွေ့ရတယ်။

အခုတော့ အဲဗာတန်နဲ့ ကစားရမယ့်ပွဲမှာ ဒါကိုပြသဖို့ အခွင့်အရေးရှိပါတယ်။ အမြင့်ပျံနေတဲ့ အသင်းတစ်သင်းနဲ့ ကစားရမှာက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်သူ ပိုကောင်းသလဲဆိုတာ စောင့်ကြည့်ကြတာပေါ့” ဟု ကလော့ပ်က ပြောသည်။

Ref:SBNation

Facebook Comments Box
Facebook Comment