ဗီရိုနာနှင့်ပွဲတွင် ဒီဘာလာ ပွဲထွက်ကစားခွင့်ရမည်ဟု ပီယာလို အတည်ပြု

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက မနက်ဖြန် ဗီရိုနာနှင့်ကစားမည့် စီးရီးအေပွဲစဉ် ၅ တွင် ပွဲကစားခွင့်မရ၍ စိတ်ပျက်လျက်ရှိသော တိုက်စစ်မှူး ပေါ်လိုဒီဘာလာကို ပွဲထွက်လူစာရင်းမှ အသုံးပြုသွားမည်ဟု အတည်ပြုသည်။

လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်သည် ပွဲစဉ် ၄ အပြီး ရှုံးပွဲမရှိသေးသော်လည်း ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၅ နေရာတွင်သာ ရပ်တည်နေရပြီး ဗီရိုနာက ၄ ပွဲကစား ရမှတ် ၇ မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရှိနေသည်။

အသက် ၂၆ နှစ်အရွယ် ဒီဘာလာသည် ယခုရာသီတွင် စီးရီးအေ တစ်ပွဲမှ မကစားရသေးဘဲ ပီယာလိုက အက်သလက်တီကိုမှ အဌားခေါ်ထားသော စပိန်တိုက်စစ်မှူး မိုရာတာကို ဦးစားပေး အသုံးပြုနေသည်။

တူရင်သို့ တစ်ကျော့ပြန် ရောက်ရှိလာသော မိုရာတာသည် စီးရီးအေ ၂ ပွဲကစား ၁ ဂိုး၊ ပြိုင်ပွဲစုံ ၃ ပွဲကစား ၃ ဂိုးသွင်းယူထားသည်။

၂၀၁၅ တွင် ပါလာမိုမှ ပြောင်းရွှေ့လာပြီးနောက် ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ၂၂၉ ပွဲတွင် ၉၅ ဂိုး သွင်းထားသော ဒီဘာလာသည် ၎င်း၏ လက်ရှိ အနေအထားကို ဘဝင်မ ကျဖြစ်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းပြောင်းမည်ဟု သတင်းထွက်နေသည်။

ပီယာလိုက ဗီရိုနာနှင့်ပွဲတွင် ဒီဘာလာကို ပွဲထွက် ၁၁ ယောက်စာရင်းမှ အသုံးပြုသွားမည်ဖြစ်ပြီး မိမိ၏ ဆုံးဖြတ်ချက်ကို မိုရာတာလည်း အံ့အားသင့်မည်မဟုတ်ဟု ဆိုသည်။

“ဒိုင်နမိုကိဗ် ခရီးစဉ်က ပြန်လာပြီးနောက် ကျွန်တော်တို့ အနားယူဖို့ အချိန်ရတယ်။ ချီရယ်လီနီကလွဲလို့ ကျန်လူတွေအားလုံး ကစားဖို့ အဆင်သင့်ပဲ။ မနက်ဖြန်ပွဲမှာ ဒီဘာလာ ပွဲထွက်ကစားမယ်ဆိုတာ ကျွန်တော် အတည်ပြုပါတယ်။

သူက လေ့ကျင့်ရေးမှာ မှန်ကန်တဲ့ တိုးတက်မှုတွေရှိခဲ့ပြီး ပွဲထွက်ကစားခွင့်ရဖို့ အခု ထိုက်တန်ပါပြီ။ အချိန်ပြသနာ ရှိတယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့တယ်။ သူက ဒဏ်ရာရခဲ့တယ်။ နောက်ပြီး နိုင်ငံတကာပွဲ ကစားပြီးတော့လည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်။

ဒါကြောင့် ၂ ပွဲမှာ သူ အရန်ခုံတန်းမှာပဲ ထိုင်ခဲ့ရပြီး မကစားခဲ့ရဘူး။ ဒိုင်နမိုကိဗ်နဲ့ ပွဲမှာတော့ လူစားဝင်ကစားခွင့် ရခဲ့တယ်။ မနက်ဖြန်မှာတော့ သူ ပွဲထွက်ခွင့်ရမှာ မှန်ကန်ပါတယ်” ဟု ပီယာလိုက ပြောသည်။

Ref:football-italia

Facebook Comments Box
Facebook Comment