ဗီနီဆီယက်စ်ကို ဘောလုံး မပေးရန် ဘန်ဇီးမား ပြောကြားခဲ့သည့်ဖိုင် ထွက်ပေါ်

ကစားသမား ဘဝတစ်လျှောက် အငြင်းပွားစရာ၊ ဝေဖန်စရာ လုပ်ရပ်များ ပြုလုပ်ခဲ့သော ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားသည် မိုချင်ဂလက်ဘတ်နှင့် ၂ ဂိုးစီ သရေကျခဲ့သော ချန်ပီယံလိဂ် ပွဲတွင်လည်း တွဲဖက်တိုက်စစ်မှူး ဗီနီဆီယက်စ်ကို ဘောလုံး ပေးမကစားရန် နောက်ခံလူ မန်ဒီအား ပြောကြားနေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့သည်။

ဂျာမနီမြေတွင် ကစားသည့် အဆိုပါပွဲတွင် ရီးရဲလ်သည် ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေသလို ၅၈ မိနစ်တွင်လည်း တစ်ဂိုး ထပ်သွင်းခံရသော ကြောင့် ၂ ဂိုးပြတ် ရှုံးနိမ့်နေခဲ့သည်။

ထို့နောက် ပွဲပြီးရန် ၃ မိနစ်အလိုတွင် ဘန်ဇီးမား၊ ကာစီမီယိုတို့၏ နောက်ကျ ချေပဂိုးများကြောင့်သာ ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက် မရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဘန်ဇီးမားသည် ရီးရဲလ်အတွက် ပထမ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့၍ ပရိသတ်များအတွက် ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း ဒုတိယပိုင်း ကစားရန် ဥမင်အတွင်း နေရာယူနေစဉ် ပြင်သစ်နောက်ခံလူ မန်ဒီကို ဗီနီဆီယက်စ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည့် စကားများက စိတ်ဝမ်းကွဲစရာ ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် အသက် ၂၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗီနီဆီယက်စ်က ၎င်းတို့နားတွင် ရှိနေပြီး ဘန်ဇီးမားက မန်ဒီကို ပြင်သစ်လို “ဒီကောင်ကစားနေတာ အမှိုက်ပဲ။ သူ့ကို ဘောလုံး ပေးမကစားနဲ့ ညီလေး။ ပေးကစားရင် ငါတို့ပဲ နာကျင်ရလိမ့်မယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်း များတွင် ကြားနေရသည်။

ရီးရဲလ်အသင်း၏ တတိယ အသင်းခေါင်းဆောင် ဘန်ဇီးမားသည် ၎င်း ပြောထားသလိုပင် မိနစ် ၇၀ တွင် ဗီနီဆီယက်စ်ကို ဟာဇက်နှင့် လူစားမလဲခင် အထိ ဒုတိယပိုင်း ၂၅ မိနစ်တာ အချိန်အတွင်း ဗီနီဆီယက်စ်ကို ဘောလုံး တစ်ကြိမ်မှ ပေးမကစားခဲ့ပေ။

ပထမပိုင်းတွင်မူ ဘန်ဇီးမားသည် ဗီနီဆီယက်စ်ကို ဘောလုံး ၃ ကြိမ် ပေးပို့ ကစားစေခဲ့သေးသည်။

ယခုဖြစ်ရပ်သည် အယ်လ်ကလက်စီကို ပွဲစဉ်တွင် ပွဲကြည့်စင် အရန်ခုံပေါ်မှ အစ္စကိုက နည်းပြဇီဒန်းအကြောင်း မော့ဒရစ်နှင့် မာဆယ်လိုတို့ကို ပြောနေ သည့် ဗီဒီယိုဖိုင်ပြီးနောက် ဆက်တိုက်ဆိုသလို ထွက်လာသော ရီးရဲလ်၏ အတွင်းရေးများအကြောင်း သိနိုင်သည့် ဒုတိယမြောက် ဗီဒီယိုဖိုင်ပင်ဖြစ်သည်။

Ref:Metro

Facebook Comments Box
Facebook Comment